ဘေဘီလေးတွေကို ဘယ်အချိန်ထိ မိခင်နို့ တိုက်ဖို့လိုမလဲ!

ဘေဘီလေးတွေကို ဘယ်အချိန်ထိ မိခင်နို့ တိုက်ဖို့လိုမလဲ!
ဘေဘီလေးတွေကို ဘယ်အချိန်ထိ မိခင်နို့ တိုက်ဖို့လိုမလဲ!

ကလေးက အစားစစားပြီဆိုရင် နို့ဖြတ်လိုက်လို့ ရပြီလား။ ကလေးကို ၁ နှစ်လောက်အထိပဲ မိခင်နို့ တိုက်ရမှာလား။ ဘယ်အရွယ်လောက်အထိ မိခင်နို့ တိုက်ဖို့လိုမလဲဆိုတာကို အတိအကျ မသိဘူး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ကလေးကို ဘယ်အချိန်ထိ မိခင်နို့ တိုက်ဖို့လိုမလဲ!

ဘေဘီလေးကို အသက် ၂ နှစ် ပြည့်တဲ့အထိ မိခင်နို့ သေချာလေး တိုက်ပေးဖို့ လိုပါမယ်။ဒါမှ ကလေးက လုံလောက်တဲ့ အာဟာရပြည့်ဝပြီး ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးလာမှာပါ။ 

မိခင်နို့တိုက်ကျွေးတာကက မိခင်အတွက်ရော ဘေဘီလေးအတွက်ပါ ကောင်းကျိုးများပါတယ်။ မိခင်နဲ့ ကလေးရဲ့ကြားမှာ ချစ်ခြင်းတိုးစေပြီး ကလေးကို ကျန်းမာစေဖို့လည်း ထောက်ကူပေးသလို မွေးကင်းစ ကလေးသေဆုံးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 

ကလေးကို အသက် ၆ လအထိတော့ မိခင်နို့ တစ်မျိုးတည်းကို တိုက်ကျွေးဖို့ လိုမှာဖြစ်ပြီး အသက် ၆ လနောက်ပိုင်းမှာတော့ ဖြည့်စွက်စာတွေကို ကျွေးပေးတာနဲ့အတူ မိခင်နို့ကိုပါ တိုက်ကျွေးပေးဖို့ လိုပါမယ်။

မိခင်နို့က ဘေးအကင်းဆုံးနဲ့ အသန့်ရှင်းဆုံး အာဟာရ အရင်းအမြစ်ဖြစ်ပြီး antibody တွေပါဝင်နေတာကြောင့် ကလေးအရွယ်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 

မိခင်နို့ပြည့်ပြည့်ဝဝ သောက်သုံးရတဲ့ ကလေးတွေက အဝလွန်တာကို ခံစားရနိုင်ခြေ နည်းသလို အသက်အရွယ် ကြီးရင့်လာချိန်မှာ နာတာရှည်ကျန်းမာရေးပြဿနာ ခံစားရနိုင်ခြေလည်း နည်းပါတယ်။ မိခင်နို့ သောက်ရတဲ့ ကလေးတွေက ဉာဏ်ရည်ဉာဏ်သွေး ပိုကောင်းကြသလို မိခင်မှာလည်း ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့ကျစေနိုင်ပါတယ်။ 

မိခင်နို့က ကလေးအတွက် လုံလောက်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကလေးကို အင်အားပြည့်ဝစေဖို့ရော ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်သလို မိခင်ကိုပါ ကျန်းမာစေနိုင်တာကြောင့် ကလေးကို အသက် ၂ နှစ်အထိ မိခင်နို့ သေချာလေး တိုက်ကျွေးဖို့ လိုပါမယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

မိခင်နို့မှာ ဘေဘီလေးတွေ ကြီးထွားဖွံ့ဖြိုးစေဖို့၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့၊ ကိုယ်ခံအားကောင်းစေဖို့အတွက် အဓိကကျတဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကလေးကို မွေးစကနေစပြီး အသက် ၂ နှစ်အထိ မိခင်နို့ကို ပြည့်ပြည့်ဝဝ တိုက်ကျွေးပေးဖို့ အကြံပြုလိုက်ပါရစေ။

 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *