“ကိုယ်တွင်း အထူးသဖြင့် ဝမ်းဗိုက်အတွင်းမှာရှိတဲ့ အစာအိမ်၊ အူတွေနဲ့ အသည်းတဝိုက်မှာ အဆီတွေစုနေမယ်ဆိုရင် နှလုံးရောဂါ ခံစားရနိုင်ခြေများနေတယ်၊” လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။
မမြင်ရတဲ့ အဆီပိုတွေ ဝမ်းဗိုက်တဝိုက်မှာ အဆီပိုတွေ များနေတာက နှလုံးကို ပုံမှန်ထက် ပိုမြန်မြန် အိုမင်းစေနိုင်ပါတယ်၊ လို့ European Heart Journal မှာ ထုတ်ပြန်ခဲ့တဲ့ သုတေသီတွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဆီဆိုတာက အပြင်ကနေ ကြည့်ရုံနဲ့ အလွယ်တကူ မမြင်ရပါဘူး။ အချို့သောသူတွေမှာ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိနေပေမယ့်လို့ သွေးကြောတွေနဲ့ ဝမ်းဗိုက်ထဲက ကိုယ်တွင်းအင်္ဂါတဝိုက်မှာ အဆီပိုတွေ တော်တော်များများ ရှိနေတယ်လို့ လေ့လာမှုအတွင်း တွေ့ရှိခဲ့ရပါတယ်။
ဒီသုတေသနအတွင်း ကျန်းမာရေးနဲ့ မညီတဲ့အဆီတွေ ကိုယ်တွင်းအင်္ဂါတွေ တဝိုက်မှာ မမြင်သာတဲ့ ပုံစံနဲ့ရှိနေတာက နှလုံးကို အိုမင်းစေနိုင်ပါတယ်၊ လို့ လန်ဒန်မှာရှိတဲ့ Imperial Collegeက MRC Laboratory of Medical Sciences ရဲ့ ပါမောက္ခတစ်ဦးဖြစ်တဲ့ အကြီးတန်းသုတေသီ ဒေါက်တာ Declan O’Regan က သတင်းထုတ်ပြန်ချက် တစ်ရပ်မှာ ပြောပြ ခဲ့ပါတယ်။
“ဒါပေမယ့် အချို့သောအဆီတွေက အိုမင်းတာကို တားဆီးပေးနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ တင်ပါးတွေနဲ့ ပေါင်တဝိုက်မှာ ရှိတဲ့ အဆီတွေက အရွယ်တင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။” လို့လည်း ရှင်းပြခဲ့ပါတယ်။
လေ့လာမှုအတွင်း သုတေသီတွေက လူအယောက် ၂၁,၀၀၀ ကျော်ကို သုတေသနပြုခဲ့ပါတယ်။ သုတေသနမှာ ပါဝင်ခဲ့တဲ့သူတွေရဲ့ ခန္ဓာကိုယ်ကို MRI စကင်မ် သုံးပြီး နှလုံးနဲ့ သွေးကြောတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။ လူတစ်ယောက်ချင်းစီတိုင်းရဲ့ နှလုံးသက်တမ်းနဲ့ နှလုံးသွေးကြောစနစ်တွေကို သေချာလေ့လာ မှတ်သားခဲ့ ပါတယ်။
လေ့လာမှုရလဒ်အရ သိရတာက သွေးကြောတွေထဲမှာ အဆီတွေစုပုံနေတာ များလေလေ နှလုံးအိုမင်းမှုက မြန်လေလေပဲ ဆိုတာပါ။ ဒါကြောင့် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ဖို့ လိုပါမယ်။ ကိုယ်တွင်းမှာ စုပုံနေတဲ့ အဆီတွေက ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကို တိုးစေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းတာကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဒီအဆီများတာရဲ့ အကျိုးသက်ရောက်မှုက အမျိုးသားနဲ့ အမျိုးသမီးကြားမှာ ကွဲပြားချက်တွေ ရှိနေပါတယ်။
အမျိုးသားတွေမှာက ဗိုက်မှာ အဆီစုနေတာက ပန်းသီးပုံ ဖြစ်မယ်ဆိုရင်တော့ နှလုံးက အရွယ်မတိုင်ခင် အိုမင်းတာကို ပိုဖြစ်စေနိုင်ပါတယ်။
အမျိုးသမီးတွေမှာတော့ တင်ပါးနဲ့ ပေါင်တဝိုက်မှာ အဆီတွေစုနေတာက သစ်တော်သီးပုံ ဖြစ်နေမယ်ဆိုရင်တော့ နှလုံးအရွယ်မတိုင်ခင် အိုမင်းနိုင်ခြေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီနေရာတွေမှာ အဆီတွေရှိနေတာက ကိုယ်တွင်းမှာ မဟော်မုန်း ဖြစ်တဲ့ အီစထရိုဂျင် ထုတ်လုပ်နိုင်စွမ်းကောင်းတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပြီး ဒီအခြေအနေက အမျိုးသမီးတွေမှာ နှလုံးအိုမင်းနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းပမာဏ များလေလေ နှလုံးထိခိုက်နိုင်ခြေ နည်းလေလေပါ၊ လို့ သုတေသီတွေက ပြောပြခဲ့ပါတယ်။
ဒါကြောင့် ကိုယ်တွင်း အဆီစုပုံနေတာကို ခန္ဓာကိုယ်အချိုးအစားကို ကြည့်ပြီး သိနိုင်ပါတယ်။ လေ့လာမှုအရ သိလိုက်ရတာ တစ်ခုက ခန္ဓာကိုယ်ရဲ့ ထုထည်ညွှန်းကိန်း (BMI) ကနေတဆင့်လည်း ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆီထုကို ခန့်မှန်း သိရှိနိုင်ပါတယ်။
ဒါပေမယ့်လည်း BMI က နှလုံးရဲ့ သက်တမ်းကို ခန့်မှန်းနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်း တစ်ရက်တောပ မဟုတ်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့လောက်ပဲ ကူညီပေးနိုင်တာပါ။ နှလုံးကျန်းမာရေးကို သိနိုင်ဖို့ဆိုရင်က ကိုယ်တွင်း အဆီထုထည်ပမာဏကို သေချာသိရှိနိုင်ဖို့က အရေးကြီးပါတယ်။
ဒါကြောင့် နှလုံး ကျန်းမာစေဖို့ ကိုယ်တွင်းမှာ အဆီပိုတွေ စုပုံနိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။
[Ref: medicinenet: 26; August; 2025]