တစ်လတည်း ရာသီသုံးကြိမ်လာရတာ ဘာကြောင့်များလဲ!

တစ်လတည်း ရာသီသုံးကြိမ်လာရတာ ဘာကြောင့်များလဲ!

ရာသီပုံမှန်လာနေတယ်ဆိုတာက အမျိုးသမီးလေးတွေရဲ့ ကျန်းမာတဲ့ ပြယုဂ်တစ်ခုဆိုလည်း မမှားပါဘူး။ တစ်လမှာ တစ်ကြိမ်ပုံမှန် ရာသီလာနေတာ၊ တစ်လကို နှစ်ကြိမ်လောက်အထိ ရာသီလာတာတွေကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် တစ်လကို ရာသီလာတာက သုံးကြိမ်ဖြစ်နေပြီဆိုရင်တော့ ပုံမှန် မဟုတ်တဲ့ အခြေအနေ တစ်ရပ်ရပ်ကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ဒါက ဘာကြောင့် ဖြစ်ရတာလဲဆိုတာလေးကို ရှင်းပြပေးချင် ပါတယ်။ 

တစ်လတည်း ရာသီသုံးကြိမ်လာရတာ ဘာကြောင့်များလဲ!

ကျန်းမာတဲ့ လေဒီလေး တစ်ယောက်အနေနဲ့ ၂၁ ရက် တစ်ကြိမ် ဒါမှမဟုတ် ၃၅ ရက်မှာ တစ်ကြိမ် ရာသီသွေးပေါ်တတ်ပါတယ်။ ဒါက ပုံမန်အခြေအနေပါပဲ။ သဘောကတော့ တစ်လရဲ့ လအစပိုင်းလောက်မှာ တစ်ကြိမ်၊ လကုန်ခါနီးပိုင်းလေးမှာ တစ်ကြိမ် တစ်လတည်းမှာတင် ရာသီ နှစ်ကြိမ်လာတာမျိုး ဖြစ်နိုင်တယ်ဆိုတာမျိုးပါ။

ဒီအခြေအနေက ပုံမှန်ပဲဆိုပေမယ့် ဆယ်ရက်ခြားတစ်ခါ ရာသီလာတာမျိုး၊ တစ်လတည်းကို သုံးကြိမ်လောက် ရာသီလာတာမျိုးကတော့ ပုံမှန် မဟုတ်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုရပါမယ်။ ဒီလို ဖြစ်စေတာက ခန္ဓာကိုယ်မှာ မကျန်းမာနေဘူးဆိုတာကို ဖော်ပြနေတဲ့ အချက်ပြလက္ခဏာဖြစ်နိုင်ပါတယ်။ 

လေဒီလေးတွေမှာ တစ်လတည်း ရာသီသုံးကြိမ်လာနေရတာက အခုလို အကြောင်းရင်းခံလေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ 

  • ဟော်မုန်း မညီမျှတာ

ကိုယ်တွင်းမှာ အီစထရိုဂျင်ဟော်မုန်း၊ ပရိုဂျင်စတုန်းဟော်မုန်းတွေ မြင့်တက်နေတာ ဒါမှမဟုတ် သိုင်းရွိုက်ဟော်မုန်းတွေ ထွက်ရှိမှုများနေတာတွေက သားအိမ်အတွင်းနံရံအမြှေးပါးလေးတွေကို မကြာခဏဆိုသလို ကွာကျစေပြီး ရာသီသွေး ခဏခဏဆင်းတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ 

  • ကျန်းမာရေးပြဿနာ ရှိနေတာ

သိုင်းရွိုက်ကျန်းမာရေးပြဿနာ ခံစားနေရတာ၊ သားအိမ်ထဲမှာ အလုံးတည်တာ၊ သားဥအိမ်မှာ ရေအိတ်လေးတွေ တည်တာမျိုးတွေကြောင့်လည်း ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာမျိုးကို ခံစားရနိုင်ပါတယ်။ 

  • စိတ်ဖိစီးမှု များလွန်းနေတာ

နေ့စဉ်တိုင်းမှာ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ များလွန်းနေတာကြောင့်လည်း ရာသီသွေးဆင်းမှု အပေါ်မှာ သက်ရောက်မှုဖြစ်စေပြီး တစ်လတည်းမှာ ရာသီသုံးကြိမ်လာတာမျိုး ခံစားရစေနိုင်ပါတယ်။ 

  • နေထိုင်မှုပုံစံ

ကိုယ်လက်လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်လုပ်တာ၊ ဝိတ်ချနေတာလိုမျိုးနဲ့ စားသောက်မှုပုံစံ ပြောင်းလဲတာတွေ ကြောင့်လည်း ရာသီစက်ဝန်းအပေါ် သက်ရောက်မှုဖြစ်စေပြီး တစ်လတည်း ရာသီသုံးကြိမ်လာတာမျိုး ခံစားရ စေနိုင်ပါတယ်။ 

  • ဆေးဝါးတွေ

ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ကြောင့် ဆေးဝါးတွေ သောက်သုံးနေရမယ်ဆိုရင်လည်း ဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဟော်မုန်းအပေါ်မှာ သက်ရောက်မှု ဖြစ်စေပြီး ရာသီသွေးဆင်းတဲ့ အကြိမ်ရေ များတာမျိုး ဖြစ်စေနိုင်ပါတယ်။

  • သွေးဆုံးခါနီးတာ

သွေးဆုံးခါနီးပြီဆိုရင်လည်း သွေးဆင်းများတာ၊ မကြာခဏ ရာသီသွေးဆင်းတာနဲ့ ရာသီသွေးဆင်းနည်းသွား တာလိုမျိုး လက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။ 

  • သားဆက်ခြားနည်းတွေ

ဟော်မုန်းပါတဲ့ တားဆေး သောက်ဆေး၊ IUD လိုမျိုး ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေကြောင့်လည်း ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှု ဖြစ်ပြီး တစ်လတည်းမှာ ရာသီသုံးကြိမ်ပေါ်တာမျိုး ဖြစ်နိုင်ပါတယ်။

  • လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါ ကူးစက်ခံရတာ

လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးမျိုး ကူးစက်ခံထားရမယ်ဆိုရင်လည်း ပုံမှန်မဟုတ်တဲ့ ရာသီသွေးဆင်းတာမျိုး၊ တစ်လတည်းမှာ သုံးကြိမ်လောက် ရာသီသွေးဆင်းတာမျိုးကို ခံစားရနိုင်ပါတယ်။ 

ဘာလုပ်သင့်လဲ!

တစ်လတည်းမှာ ရာသီသွေးဆင်းတာ ၂ ကြိမ်ကျော်တာမျိုး ဖြစ်လာပြီဆိုရင် ရာသီသွေးဆင်းတဲ့ရက်၊ ဘယ်လောက်ကြာကြာ ရာသီသွေးဆင်းသလဲဆိုတာနဲ့ ရာသီသွေးဆင်းများသလား၊ သွေးခဲတွေပါနေသလား၊ နာကျင်ကိုက်ခဲတာ၊ အနံ့ဆိုးတာမျိုးတွေ ရှိလားဆိုတာကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။

ဒီလက္ခဏာတွေ ရှိနေမယ်။ ရာသီသွေးဆင်းတာ ၂ ကြိမ်ကျော်တာမျိုးက ၂ လဆက်တိုက်လောက် ဖြစ်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

ပုံမှန်ထက် ရာသီသွေးဆင်းများတာ၊ သွေးဆင်းရက်ရှည်တာက သွေးအားနည်းတာနဲ့ အခြားသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာ‌ကြောင့် အကြောင်းရင်းခံကို သေချာသိရှိပြီး ကုသနိုင်ဖို့အတွက် လိုအပ်တဲ့ စစ်ဆေးကုသမှုကို မြန်နိုင်သမျှ မြန်မြန် ခံယူဖို့ လိုပါမယ်။ 

 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *