အပူအပုပ်များလို့ ဝမ်းအနံ့ဆိုးတာလား!

အပူအပုပ်များလို့ ဝမ်းအနံ့ဆိုးတာလား!
အပူအပုပ်များလို့ ဝမ်းအနံ့ဆိုးတာလား!

အပူအပုပ်များလို့ ဝမ်းအနံ့ဆိုးတာလား! ဆိုတော့ ဝမ်းဆိုတာက နံမှာပဲလေလို့ ပြောစရာရှိနိုင်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဝမ်းကနံတာမှန်ပေမယ့် ပုံမှန်ထက် နံနေတာမျိုး မခံမရပ်နိုင်အောင် အနံ့ဆိုးနေတာမျိုးကို ဆိုလိုချင်တာပါ။ 

ဝမ်းကအနံ့ဆိုးရတာ ဘာကြောင့်လဲ!

ဝမ်းအနံ့ဆိုးတာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်က အူထဲမှာ ဘက်တီးရီးယားတွေ ရှိနေတာ ကြောင့်ပါ။ ဘက်တီးရီးယားတွေက စားလိုက်တဲ့ အစားအစာတွေထဲမှာပါတဲ့ ပရိုတင်းတွေနဲ့ အခြားသော အာဟာရဓာတ်တွေကို ချေဖျက်ဖြိုခွဲလိုက်ချိန်မှာ ထွက်လာတဲ့ မီသိန်းနဲ့ ဟိုက်ဒရိုဂျင်ဆာလဖိတ်တွေကြောင့်ပါ။ 

  • အစားအသောက်တွေကြောင့် 

နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ပရိုတင်းကြွယ်ဝတဲ့ အနီရောင်အသားတွေ၊ နို့ထွက်ပစ္စည်းတွေ ဖြစ်ကြတဲ့ နို့၊ ချိစ်နဲ့ အခြားနို့ထွက်ပစ္စည်းတွေ၊ ဥအမျိုးမျိုး၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေ ပါဝင်နေတာက အရမ်းများမယ် ဆိုရင်တော့ ဝမ်းအနံ့ဆိုးတာမျိုး ဖြစ်စေနိုင်ပါတယ်။ 

နောက်ထပ်ဖြစ်နိုင်တာကတော့ ဂေါ်ဖီအပါအဝင် ဂေါ်ဖီမျိုးရင်းဝင် အသီးအရွက်တွေကို စားမိတာ များမယ် ဆိုရင်လည်း ဝမ်းအနံ့ဆိုးနိုင်ပါတယ်။ 

  • ရေဓာတ်ခမ်းခြောက်နေတာကြောင့်

ရေသောက်နည်းတာ၊ ရေဓာတ်ခမ်းခြောက်တာတွေကြောင့်လည်း ဝမ်းအနံ့ဆိုးနိုင်ပါတယ်။ ရေသောက်နည်းတာက ဝမ်းချုပ်တာအပြင် အူတွေရဲ့ လှုပ်ရှားမှုကို နှောင့်နှေးစေပြီး ဝမ်းအနံ့ဆိုးတာကိုပါ ဖြစ်စေနိုင်ပါတယ်။ 

  • ဆေးဝါးတွေကြောင့် 

အချို့သော ဆေးဝါးတွေက ဝမ်းအနံ့ဆိုးတာကို ဖြစ်စေနိုင်ပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေက အူအတွင်းက ဘက်တီးရီးယားတွေကို ဟန်ချက်ပျက်စေပြီး ဝမ်းအနံ့ဆိုးတာကို ဖြစ်စေနိုင်ပါတယ်။ 

  • ကျန်းမာရေး အခြေအနေများကြောင့်

အချို့သော ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ဆီးချိုရောဂါ၊ အသည်းရောဂါတွေကြောင့်လည်း ဝမ်းအနံ့ဆိုး တာကို ဖြစ်စေနိုင်ပါတယ်။ 

  • အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကြောင့် 

အချို့သော အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဝမ်းအနံ့ဆိုးတာကို ဖြစ်စေနိုင်ပါတယ်။ အစာမကြေတာ၊ အူမကြီး ကျန်းမာရေးပြဿနာ ရှိနေတာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ အူလမ်းကြောင်းရောင်ရမ်းတာတွေကလည်း ဝမ်းအနံ့ဆိုးတာကို ဖြစ်စေနိုင်ပါတယ်။

ဘယ်လို သက်သာအောင် လုပ်ရမလဲ!

ဝမ်းကပုံမှန်ထက် နံနေတာကို သက်သာစေဖို့ဆိုရင်တော့ – 

  • ရေလုံလောက်အောင် သောက်ပါ 

ရေကိုတစ်နေ့တာမှာ ၂ လီတာနဲ့အထက် သောက်သုံးပေးတာက ဝမ်းချုပ်တာကို ကင်းစေဖို့ရော ဝမ်းအနံ့ပြင်းတာ ကို သက်သာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 

  • အာဟာရမျှတအောင် စားပေးပါ

နေ့စဉ်စားသုံးမှုမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ၊ နှံစားသီးနှံတွေကို စားပေးပါ။ ဒီလို မျှတအောင် စားပေးတာက ဝမ်းအနံ့ဆိုးတာကို သက်သာစေနိုင်ပါတယ်။ 

  • ပရိုဘိုင်အိုတစ် သောက်ပါ

အူတွင်းအကျိုးပြု ဘက်တီးရီးယားတွေက အူလမ်းကြောင်း ကျန်းမာစေဖို့ရော ဝမ်းအနံ့ဆိုးတာကို သက်သာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 

  • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ

ရေအိမ်ကို အသုံးပြုပြီးတိုင်းမှာ လက်တွေကို သေချာလေး သန့်စင်ဆေးကြောပေးပါ။ ရေအိမ်သုံးပြီးတိုင်းမှာ လည်း ရှေ့ကနေ နောက်ကို ဆွဲယူတဲ့ပုံစံနဲ့ သန့်စင်ပေးပါ။ ဒါမှ ဘက်တီးရီးယားတွေ ပြန့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးရာရောက်သလို ဝမ်းအနံ့ဆိုးတာကိုလည်း ကာကွယ်ပေးနိုင်မှာပါ။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ဝမ်းအနံ့ဆိုးတာကို သက်သာစေဖို့ဖြစ်ဖြစ် ဝမ်းအနံ့မဆိုးအောင် ကာကွယ်ချင်ရင်ဖြစ်ဖြစ် နေ့စဉ်စားသုံးမှုကို သေချာလေး ဂရုစိုက်ပြီး ရေကို လုံလောက်အောင် သောက်ဖို့လည်း လိုပါမယ်။ ရေအိမ်သုံးပြီးတိုင်းမှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ဆေးကြောဖို့လည်း လိုပါမယ်။

တကယ်လို့ ဝမ်းအနံ့ဆိုးတာနဲ့အတူ ဝမ်းမှာ သွေးပါတာ၊ ဝမ်းပျက်ဝမ်းလျှောတာမျိုး ဖြစ်မယ်။ ဗိုက်အောင့်တာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *