ကိုကျော်ကျော်တစ်ယောက် လက်ထဲကဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။ သူသည် မိုဘိုင်းဖုန်းအရောင်းဆိုင် တစ်ခုအတွင်းရောက်နေခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးများရှင်းပြသည်ကို နားထောင်ရင်း သူနည်းနည်း စိတ်ညစ်သွားသည်။
“၁၅၀၀ တန် CDMA ဖုန်းတွေက Handset သိပ်များများရွေးစရာမရှိဘူး။ ဒါဆောင်ကျွန်တော်တို့က CDMA 800 MHz မို့လို့။ 450 ကိုင်တဲ့သူတွေဆိုရင် Smart Phone တောင်ကိုင်လို့မရဘူး။” ဟုသူကဆိုသည်။
လူငယ်တစ်ယောက်ပီပီ ဖုန်းကောင်းကောင်းသုံးချင်သော်လည်း ၁၅၀၀ တန် မိုဘိုင်းဖုန်းများသည် CDMA ဖုန်းများဖြစ်နေသည့်အတွက် နာမည်ကျော် အမှတ်တံဆိပ် မိုဘိုင်းဖုန်းများကို သုံးစွဲခွင့်မရဖြစ်နေသည်။
သို့သော် MEC Tel မှ ချထားပေးသည့် ယင်း ၁၅၀၀ တန် ဖုန်းများသာမက မြန်မာ့ဆက်သွယ်ရေးက ယခင်ချထားပေးထားသည့် CDMA 800 MHz နှင့် CDMA 450 MHz ဖုန်းများလည်း ယင်းကဲ့သို့ပင် ဖုန်းအမြင့်များ သုံးမရကြောင်း Star Mobile မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင် ဦးဇော်မင်းက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် MEC Tel တို့ပူးပေါင်း၍ ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ်များကို ယခုနှစ် ဧပြီလမှ စတင်၍ တစ်လလျှင် ဖုန်းအလုံးရေ သုံးသိန်းခွဲခန့် လစဉ်ချထားပေးခဲ့သည်။
အဆိုပါဖုန်းများကိုချထားရန် အဘယ်ကြောင့်ဆုံးဖြတ်ခဲ့သည်ကို နားမလည်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုသည်။
“တကယ်ဆို ပြည်ပကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်ထားတယ်။ လိုင်းတွေကလည်း ကျပ်နေတယ်။ အဲဒီအနေအထားမှာ ခဏရပ်ထားလို့လည်း ဘာမှဖြစ်မယ်မထင်ဘူး။ အခု ၁၅၀၀ နဲ့ရောင်းတယ်ဆိုပေမယ့်လည်း ဈေးနှုန်းတွေက မတန်တဆဖြစ်နေတာပဲလေ။” ဟု ၎င်းကဆိုသည်။
ပြည်တွင်းဈေးကွက်အတွင်းတွင် CDMA ဖုန်းများသည် တရုတ်နိုင်ငံထုတ် ဖုန်းအမျိုးအစားများသာများပြီး နာမည်ကျော် Brand များမှ CDMA ဖုန်းများသိပ်မထုတ်ကြပေ။ ခေတ်ကာလပြောင်းလဲလာသည်နှင့် အမျှ GSM နည်းပညာက တစ်ရှိန်ထိုးတိုးတက်လာပြီး CDMA နည်းပညာကနောက်တွင်ကျန်ရစ်ခဲ့သည်။
“လူတွေက CDMA တွေ GSM တွေသိပ်နားမလည်ဘူး။ လိုင်းကောင်းကောင်းနဲ့ အဆင်ပြေပြေပြောနိုင်ဖို့ကိုပဲ စဉ်းစားတာ။ ဒါပေမယ့် ရေရှည်မှာ CDMA က ခေတ်ရှိတော့မှာမဟုတ်ဘူး” ဟု အဆိုပါအရာရှိက မှတ်ချက်ပေးသည်။
ကမ္ဘာပေါ်ရှိ မိုဘိုင်းဆက်သွယ်ရေးစနစ်များတွင် CDMA နည်းပညာအသုံးပြုသည့် နိုင်ငံများ နည်းပါးလာနေပြီး ကမ္ဘာ့အကြီးဆုံး CDMA အော်ပရေတာဖြစ်သည့် Verizon က ၂၀၁၀ ခုနှစ်တွင် CDMA ကွန်ယက်ကို စွန့်လွှတ်မည်ဟုကြေညာခဲ့ပြီး WCDMA နည်းပညာဘက်သို့ ရွှေ့ပြောင်းသွားခဲ့သည်။
ထို့အပြင် စပိန်အခြေစိုက် ဆက်သွယ်ရေး အော်ပရေတာ Telefonica က CDMA ကွန်ယက်အားလုံးကို GSM နှင့် WCDMA သို့ပြောင်းလဲခဲ့ပြီး ကိုရီးယားနိုင်ငံ၏ အကြီးဆုံး CDMA ဆက်သွယ်ရေးအော်ပရေတာ SKT နှင့် ဂျပန်နိုင်ငံ၏ အကြီးဆုံး CDMA အော်ပရေတာ KDDI တို့ ကလည်း CDMA ဝန်ဆောင်မှုကို ရပ်တန့်ရန် WCDMA လိုင်စင်ရယူခဲ့ကြသည်။
“ သေချာတာကတော့ CDMA ဖုန်းတွေက နိုင်ငံခြားသယ်သွားလို့ မရဘူး ” ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ အငြိမ်းစားအရာရှိ ဦးသန်းဦးက မှတ်ချက်ပေးသည်။
Code Division Multiple Access (CDMA) နည်းပညာကို ရုရှားနိုင်ငံတွင် ၁၉၃၅ ခုနှစ်က စတင်တည်ထွင်ခဲ့ပြီး အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီကြီး Qualcomm ၏မူပိုင်ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းတွင် GSM နှင့် WCDMA အသုံးပြုမှု ၈၉ ရာခိုင်နှုန်းအထိရှိနေသောအချက်သည် CDMA အသုံးပြုသူများအတွက် Roaming( မိုဘိုင်းဖုန်း နိုင်ငံတကာသို့ အပြန်အလှန် သယ်ဆောင်အသုံးပြုမှု) ပြုလုပ်ရန်ခက်ခဲစေသည်။
MEC Tel အနေဖြင့် CDMA ကွန်ယက်ကို ထပ်မံတိုးချဲ့မည်ဆိုပါက မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသော ပြည်ပ ဧည့်သည်များအတွက် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများ ရယူသုံးစွဲရာတွင် အခက်အခဲတွေ့နိုင်သည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးနှင့် MEC Tel ၏ CDMA ဖုန်း အသုံးပြုသူများအနေဖြင့်လည်း ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် Roaming အခက်အခဲများရှိမည်ဖြစ်သည်။
ထို့အပြင် လက်ရှိအချိန်တွင် MEC Tel ၏ ဆက်သွယ်ရေးကွန်ယက်တည်ဆောက်ရာတွင် Vendor အဖြစ် အသုံးပြုထားသည့် ZTE ကုမ္ပဏီသည် CDMAနှင့် TD-SCDMA နည်းပညာများကိုသာ အဓိကထားလုပ်ကိုင်နေသော ကုမ္ပဏီဖြစ်ပြီး ၂၀၁၂ ခုနှစ်က အမြန်ငွေ ၂၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့သောကြောင့် ဝန်ထမ်း ၁၁၃၈၄ ဦးကို ထုတ်ပယ်ခဲ့ရသည်။
CDMA နည်းပညာ၏ အဓိကအားနည်းချက်သည် WCDMA လောက် သတင်းအချက်အလက်ပေးပို့မှု နည်းသည့်အပြင် အော်ပရေတာတို့အတွက် ထပ်ပေါင်းဝန်ဆောင်မှု (Value –Add Service) အခက်အခဲများနှင့်ကြုံတွေ့ရနိုင်ခြေများခြင်းဖြစ်သည်ဟု ဦးသန်းဦးကရှင်ပြသည်။
ကမ္ဘာတစ်ဝန်းလုံးရှိအော်ပရေတာတော်တော်များများသည် GSM/WCDMA နည်းပညာကို အသုံးပြုခြင်းကြောင့် CDMA နည်းပညာအသုံးပြုသူများသည် နိုင်ငံရပ်ခြားခရီးထွက်စဉ် ရောက်ရှိနိုင်ငံ၏ ဆက်သွယ်ရေးကွန်ယက်ကို(Roaming)အသုံးမပြုနိုင်ခြင်းကြောင့် များစွာသောအဆင်မပြေမှုများနှင့်ရင်ဆိုင်ရသည်။တစ်ကမ္ဘာလုံးတွင် CDMA စနစ်အသုံးပြုသောနိုင်ငံ ၂၀ကျော်သာရှိသည်။
CDMA Equipments ထုတ်လုပ်သော စက်ရုံတဖြည်းဖြည်း လျော့နည်းလာနေသကဲ့သို့ လက်ရှိအခြေအနေတွင် ကမ္ဘာ့ Telecom Operator ၏ ၁၁% သာ CDMA နည်းပညာကိုအသုံးပြုနေပြီး နောက်လာမည့် တစ်နှစ်မှသုံးနှစ်အတွင်းတွင် WCDMA နှင့် LTE နည်းပညာသို့ ကူးပြောင်းရန်ကြိုးစားလာနေကြသည်။
လက်ရှိတွင် နာမည်ကျော် ပြည်ပကဆက်သွယ်ရေး အော်ပရေတာများအနေဖြင့်လည်း GSM နှင့် WCDMA နည်းပညာကိုသာအဓိက သုံးစွဲနေကြကာ နည်းပညာရပ် အသစ်များလည်း ဆက်တိုက်ပေါ်ထွက်နေသည့် အတွက် မိုဘိုင်းဖုန်း အသုံးပြုသူများကို ပိုမိုဆွဲဆောင်နိုင်စွမ်းရှိနေသည်။
မြန်မာ့ဆက်သွယ်ရေးနှင့် MEC Tel တို့အနေဖြင့် လက်ရှိအချိန်တွင် ပြည်ပ ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ အဆိုပါကုမ္ပဏီများသည် GSM/WCDMA နည်းပညာများကိုသာ ယူဆောင်လာကြမည်ဖြစ်သောကြောင့် လက်ရှိ ပြည်တွင်းရှိ CDMA ဖုန်းကိုင်ဆောင်သူများသည် GSM/WCDMA စနစ်သို့ပြောင်းလဲ အသုံးပြုမှ သာအဆင်ပြေမည်ဖြစ်သည်။
လက်ရှိ ကမ္ဘာ့အဓိက CDMA Equipments Vendor သည် Huawei ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းအကြံပေးအဖွဲ့ Dell’Oro ၏ အစီရင်ခံစာအရ ၂၀၁၂ ခုနှစ်တွင် တစ်ကမ္ဘာလုံးနှင့် အာရှပစိဖိဒေသသို့ CDMA Equipments တင်ပို့မှု ပမာဏသည် Huawei က ထိပ်ဆုံးတွင် တည်ရှိနေသည်။ ခေတ်ရေစီးကြောင်းအရ များစွာသော CDMA အော်ပရေတာတို့သည် WCDMA နှင့် LTE နည်းပညာဘက်သို့ ဦးတည်လာကြသည်။
ဈေးကွက်အခြေအနေအရ CDMA၊ WCDMA နှင့် LTE နည်းပညာများ အချင်းချင်း ကူးပြောင်းနိုင်သောဖြေရှင်းမှုနည်းလမ်းကို Huawei မှတီထွင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးတွင် စတင်အသုံးပြုနေပြီဖြစ်ပါသည်။
“ဆက်သွယ်ရေးအနေနဲ့ အရင်က ငါးသိန်းလောက်ပေးဝယ်ခဲ့ရတဲ့ CDMA 800 MHz ဖုန်းတွေကိုလည်း တစ်ခုခု စဉ်းစားပေးသင့်တယ်။ CDMA တွေအကုန်လုံးက တစ်သီးတသန့်ကြီးဖြစ်နေတယ်။” ဟု ဦးသန်းဦးကဆိုသည်။
ဆက်သွယ်ရေးအော်ပရေတာရာထူးယှဉ်ပြိုင်ခဲ့သောကုမ္ပဏီများထဲမှ KDDI ရှုံးနိမ့်ခဲ့မှုမှာ CDMA နည်းပညာကို အဓိက အသုံးပြုသော ကုမ္ပဏီဖြစ်သောကြောင့် ဖြစ်နိုင်ကြောင်းလည်း သူကမှတ်ချက်ပေးသည်။
“နောက်ပိုင်းလာမယ့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေက GSM/WCDMA တွေပဲလုပ်ကြမှာ။ CDMA ဆိုတာ တဖြည်းဖြည်းပျောက်ကွယ်သွားမှာပဲ။ အဲဒီအချိန်ကျရင် မြန်နာ့ဆက်သွယ်ရေးအနေနဲ့ လက်ရှိ CDMA ကိုင်တဲ့ သူတွေကို GSM နဲ့ချိန်းပေးတာမျိုးလုပ်ပေးသင့်တယ်။” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ရေရှည်တွင် ဆင်းကတ်ဈေးနှုန်း၊ ဟန်းဆက်ဈေးနှုန်းများ ကျဆင်းသွားမည်မှာ မှန်သော်လည်း ယခင်တန်ဖိုကြီးကြီးပေးဝယ်ယူခဲ့သူများမှာ နစ်နာကြောင်း Star Mobile ဆိုင်မှ ကိုဇော်မင်းကဆိုသည်။
ကိုကျော်ကျော် အနေဖြင့် စိတ်ကြိုက်ရွေးချယ်ခဲ့ပြီးနောက် CDMA နှင့် GSM တွဲဖက်အသုံးပြုနိုင်သော Dual SIM ဟန်းဆက် တစ်လုံးဝယ်ယူခဲ့သည်။ “နောက်လတွေမှာ GSM ဖုန်းတွေချမယ်လို့ ကြားထားတယ်။ တကယ်လို့ချခဲ့ရင် GSM ဆင်းကတ်ဝယ်ထည့်လို့ရအောင်လေ” ဟုသူက ဆိုလိုက်သည်။
ရဲဇွန်အောင်
၈-၁၄၊ ဇူလိုင်၊ ၂၀၁၃
The Voice Weekly