ရောင်ရမ်းမှုတွေက မကုသဘဲ ထားလိုက်မယ်ဆိုရင် နှလုံးကျန်းမာရေးပြဿနာ၊ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးပြဿနာတွေနဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်မယ်ဆိုရင်တော့ ဒါကို သဘာဝအတိုင်း ကုသပြီး ဖြစ်မှာပါ။
ရောင်ရမ်းမှုတွေ ဘာကြောင့်ဖြစ်ရတာလဲ!
ရောင်ရမ်းမှုဆိုတာက ခန္ဓာကိုယ်ရဲ့ သဘာဝ ကာကွယ်တုံ့ပြန်မှု စနစ်တစ်ရပ်ပါ။ ရောဂါကူးစက်မှုတွေကို တိုက်ဖျက်ဖို့ ထိခိုက်မှုတွေကို အနာကျက်စေဖို့နဲ့ ကိုယ်တွင်းကို ရောက်ရှိလာတဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ကြောင့် ထိခိုက်မှုတွေမဖြစ်အောင် တုံ့ပြန်တဲ့အနေနဲ့ ခန္ဓာကိုယ်က တုံ့ပြန်တဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒါတွေက ခေတ္တခဏသာ ဖြစ်စေတာဖြစ်ပြီး နှလုံးရောဂါ၊ ဆီးချိုနဲ့ အဆစ်ရောင်တာ၊ အစာခြေစနစ် ပြဿနာတွေကို ခံစားနေရမယ်ဆိုရင်တော့ နာတာရှည် ရောင်ရမ်းမှုကို ခံစားရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီနာတာရှည် ရောင်ရမ်းမှုတွေကို သက်သာစေဖို့ဆိုရင် နေ့စဉ် စားသောက်မှုပုံစံကို ပြောင်းလဲတာ၊ နေထိုင်မှုပုံစံကို ပြောင်းလဲတာတွေကို လုပ်ဆောင်တာက လျော့ကျသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နေ့စဉ်ရဲ့ နေထိုင်စားသောက်မှုပုံစံကို နည်းနည်းလောက် ပြောင်းလဲလိုက်တာက ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုကို တုံ့ပြန်ရတာအပေါ်မှာ အများကြီး သက်ရောက်မှုဖြစ်စေပြီး သက်သာစေဖို့ ထောက်ကူပေးနိုင်တယ်လို့ အစာအိမ်အူလမ်းကြောင်းနဲ့ အသည်းကျန်းမာရေး ကျွမ်းကျင်ပညာရှင် ဒေါက်တာ Saiprasad Girish Lad က ပြောပြပေးခဲ့ပါတယ်။
ရောင်ရမ်းမှုနဲ့ နှလုံးကျန်းမာရေး
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေမှာ ရောင်ရမ်းတာက ကိုယ်ခံအားက ဖျားနာမှုနဲ့ ထိခိုက်ဒဏ်ရာရတာတွေကို တုံ့ပြန်တဲ့ ဖြစ်စဉ်တစ်ခုပါ။ အနာတွေ ဖြစ်တာကို ခန္ဓာကိုယ်မှာ ပိုးဝင်ကူးစက်မှုတွေကို ခံစားနေရတဲ့အခါ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့နဲ့ အနာကျက်စေဖို့အတွက် ရောင်ရမ်းမှုနဲ့ တုံ့ပြန်ကြပါတယ်။ သွေးထဲမှာ ကိုလက်စရောတွေနဲ့ အခြားသောအရာတွေ ရှိနေတဲ့အခါ ရောင်ရမ်းမှုဖြစ်မယ်ဆိုရင် သွေးကြောနံရံတွေမှာ ကပ်တွယ်နေတဲ့ အဆီခဲတွေက ပြုတ်ထွက်လာပြီး သွေးကြောထဲမှာ အဆီခဲတွေ ပိတ်ဆို့သွားတာမျိုး ခံစားရနိုင်ပါတယ်။
ဒီအခြေအနေမှာ ဦးနှောက်သွေးကြောထဲမှာ သွေးခဲလေးတွေ ပိတ်ဆို့သွားပြီး လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာနဲ့ နှလုံးသွေးကြော ပိတ်ဆို့တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
လျစ်လျူမရှု့သင့်တဲ့ ရောင်ရမ်းမှု လက္ခဏာတွေ
ရောင်ရမ်းမှုမှာ အပေါ်က ပြောခဲ့သလို ခဏတဖြုတ်ဖြစ်တဲ့ ရောင်ရမ်းမှုမျိုး ရှိနိုင်သလို နာတာရှည် ရောင်ရမ်းတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ လက္ခဏာတွေ အနေနဲ့ကတော့ –
ခဏတဖြုတ်ဖြစ်တဲ့ ပြင်းထန်တဲ့ ရောင်ရမ်းမှုမှာဆိုရင်တော့ လက္ခဏာတွေ အနေနဲ့ –
- ထိခိုက်မိတဲ့တဝိုက်မှာ နီမြန်းရောင်ရမ်းတာ
- ထိခိုက်မိတဲ့ နေရာတဝိုက်မှာ ရောင်နေတာ၊ နွေးနေတာ
- ခပ်မျဉ်းမျဉ်း နာနေတာ
- လှုပ်ရှားရခက်တာမျိုး ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ပြင်းထန်တဲ့ နာကျင်ရောင်ရမ်းမှုမှာဆိုရင်တော့ လက္ခဏာတွေ အနေနဲ့ –
- ခြေကုန်လက်ပမ်းကျတာ
- အိပ်ပျော်ဖို့ခက်တာ
- အဆစ်နာတာ
- အဆစ်တွေ တောင့်တင်းတာ
- ဗိုက်၊ ရင်ခေါင်း အောင့်တာ
- ပါးစပ်ထဲမှာ အနာတွေ ဖြစ်တာ
- အမြဲလိုလို အရေပြား နီမြန်းရောင်ရမ်းတာ
- အစာအိမ်အူလမ်းကြောင်း ပြဿနာအနေနဲ့ အက်ဆစ်ပြန်ဆန်တက်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ နဲ့ ဝမ်းချုပ်တာတွေ
- အကြောင်းအရင်းမရှိဘဲ ဝိတ်တက်တာ၊ ဝိတ်ကျတာ
- ခဏခဏ ပိုးဝင်ကူးစက်တာ
- အဖျားငွေ့ငွေ့ရှိနေတာ
- စိတ်ဖိစီးတာ၊ စိုးရီမ်စိတ်လွန်ကဲတာလိုမျိုး စိတ်ခံစားမှုတွေ ပြောင်းလဲလာတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ရောင်ရမ်းမှုကို ဘယ်လိုရပ်တန့်ကြမလဲ!
ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ဆိုရင်တော့ နေ့စဉ် နေ့ထိုင်စားသောက်မှုပုံစံကို ပြောင်းဖို့ လိုပါမယ်။
- အရောင်ကျစေမယ့် အစားအစာတွေကို စားပေးပါ
ခန္ဓာကိုယ်က နာတာရှည် ရောင်ရမ်းမှုတွေကို သဘာဝအတိုင်း သက်သာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေထဲမှာ ခရမ်းချဉ်သီး၊ သံလွင်ဆီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ မုန်ညှင်းလိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ essential fatty acids ကြွယ်ဝတဲ့ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ omega-3 ပါတဲ့ ပင်လယ်ငါးတွေ၊ အင်ဒီအောက်ဆီးဒင့် ကြွယ်ဝတဲ့ စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ချယ်ရီသီး၊ ဘလူးဘယ်ရီသီးတွေကို စားပေးလို့ ရပါတယ်။
အခြားသော အရောင်ကျစေနိုင်တဲ့ အစားအစာတွေအနေနဲ့ ဆိုရင်တော့ နနွင်း၊ ချင်း (ဂျင်း)၊ ကြက်သွန်ဖြူ၊ နှမ်းကြတ်စေ့ စတာတွေကို စားပေးလို့ ရပါတယ်။
ဒီအစားအသောက်လေးတွေကို နေ့စဉ် စားသောက်မှုမှာ ပါဝင်အောင် စားသုံးပေးတာက နာတာရှည် ရောင်ရမ်းမှုကို ကျဆင်းစေပြီး အစာအိမ်အူလမ်းကြောင်းကိုရော နှလုံးကိုပါ ကျန်းမာစေနိုင်ပါတယ်။ အဆီတွေနဲ့ သကြားတွေကိုတော့ ရှောင်ဖို့ လိုပါမယ်။
- ကိုယ်အလေးချိန် ထိန်းပါ
ခန္ဓာကိုယ်မှာ ကိုယ်အလေးချိန်တွေ ပိုနေတာက ရောင်ရမ်းမှုကို ပိုဆိုးစေနိုင်ပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားတာကလည်း ရောင်ရမ်းမှုတွေကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းပါ။ ဒါကြောင့် နေ့တိုင်းမှာ အနည်းဆုံး ၁၅ မိနစ် ကနေ နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင် ပေးတာက ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဆီဆဲလ်တွေကို လျော့နည်းစေပြီး ကိုယ်ခံအား ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
- စိတ်ဖိစီးမှုကို လျှော့ချပါ
ခဏလေး ကာလတိုပဲ စိတ်ဖိစီးစီး ကာလရှည်ပဲ စိတ်ဖိစီးစီး စိတ်ဖိစီးမှုတိုင်းက ကော်တီစောပမာဏကို မြင့်တက်စေပြီး ရောင်ရမ်းမှုတွေကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက် စိတ်ကို တတ်နိုင်သမျှ အေးချမ်းအောင် ထားပါ။ တရားထိုင်ပါ၊ အသက်ကို ဝဝလေး ရှူပါ၊ အသက်ရှူ လေ့ကျင့်ခန်း လုပ်တာတွေ လုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။
- အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝတာက ခန္ဓာကိုယ်က ဆဲလ်ပျက်စီးမှုတွေကို ပြင်ဆင်ပေးနိုင်သလို ဟော်မုန်းတွေကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဒါတွေအပြင် ရောင်ရမ်းမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ညကို ၇ နာရီ ကနေ ၉ နာရီလောက်အထိ အိပ်စက်ပေးပါ။
- အရက်နဲ့ဆေးလိပ်ကိုဖြတ်ပါ
အရက်နဲ့ဆေးလိပ်တွေကို အလွန်အကျွံသုံးစွဲတာက ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်သလို နာတာရှည် ကျန်းမာရေးပြဿနာတွေကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ရေရှည်မှာ ကျန်းမာစေဖို့နဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက် အရက်နဲ့ဆေးလိပ်ကို ဖြတ်ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
နေ့စဉ်ရဲ့ နေထိုင်စားသောက်မှုပုံစံမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတာ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာ၊ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် ထားရှိတာက နာတာရှည် ရောင်ရမ်းမှုကို သက်သာစေနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝကို ဖန်တီးနိုင်မှာ အသေအချာပါပဲ။