ဝက်ခြံလို့ ပြောလိုက်ရင် တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်သလို အဖြစ်များတဲ့ အရေပြား ကျန်းမာရေး ပြဿနာတစ်ခုပါ။ ဒါပေမယ့် တော်တော်များများ အယူအဆ မှားနေတာက ဝက်ခြံဆိုတာက အလှအပဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုလို့ပေါ့။ တကယ်ကတော့ ဝက်ခြံဆိုတာက ကာလရှည်ကြာ ခံစားကြရတဲ့ အသားအရေ ကျန်းမာရေးပြဿနာ ဖြစ်သလို လေဒီလေးတွေမှာဆိုရင် အချို့သော ကျန်းမာရေး ပြဿနာတွေရဲ့ ရှေ့ပြေးလက္ခဏာ တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆက်ပြီး ရှင်းပြပေးချင်ပါတယ်။
ဝက်ခြံက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ရပ်ရဲ့ ရှေ့ပြေးဖြစ်နိုင်လား!
ဝက်ခြံက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ရပ်ရဲ့ ရှေ့ပြေးဖြစ်နိုင်လား! ဆိုတော့ ဖြစ်နိုင်ပါတယ်။ လေဒီလေးတွေမှာ ဝက်ခြံဖြစ်ရတာက ကိုယ်ဝန်ရှိနေတာကြောင့် ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်နိုင်သလို နောက်တစ်ခုကတော့ သားဥအိမ်မှာ ရေအိတ်တည်နေတာ နဲ့ သားအိမ်မှာ အလုံးတည်တာလိုမျိုး မီးယပ်နဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ ဝက်ခြံထွက်တာနဲ့အတူ ကိုယ်အလေးချိန်ပြောင်းလဲမှုတွေကိုပါ ခံစားရနိုင်ပါတယ်။
ဝက်ခြံက ဆယ်ကျော်သက် အလှအပရေးရာ ပြဿနာဖြစ်တယ်ဆိုပေမယ့် အသက် ၂၄ နှစ်ကျော်ပြီးတဲ့အထိ မသက်သာတာမျိုးဖြစ်မယ်။ ဝက်ခြံဆိုတာကလည်း ပြင်းပြင်းထန်ထန် ခံစားနေရမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ တစ်ခုခု ဖြစ်နေနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ မြင်သာတဲ့ လက္ခဏာအနေနဲ့ဆိုရင် မျက်နှာနဲ့ ရင်ဘတ်၊ ကျောတို့မှာ ဝက်ခြံတွေ ဖြစ်တာအပြင် ရာသီသွေး မမှန်တာ၊ အမွေးတွေက ပုံမှန်မဟုတ်ဘဲ သန်လွန်းနေတာမျိုးဖြစ်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။
ဝက်ခြံက ရောဂါကြောင့် မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ အဆီတွေ ပုံမှန်ထက် ပိုထွက်နေတာ၊ မွေးညှင်းပေါက်တွ ပိတ်ဆို့နေတာ၊ အရေပြားဆဲလ်သေတွေ စုပုံနေတာ၊ အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ စုပုံနေတာ၊ မွေးညှင်းပေါက်တွေ ပိတ်ဆို့ပြီး ရောင်ရမ်းတာကို ဖြစ်စေရာကနေ ဝက်ခြံတွေ ဖြစ်လာရတာပါ။
နေ့စဉ် နေထိုင် စားသောက်မှုပုံစံတွေမှာလည်း အဆီများတာတွေ စားနေတာ၊ စိတ်ဖိစီးတာ၊ အချို့သော ပတ်ဝန်းကျင် အနေအထားတွေနဲ့ ညစ်ညမ်းမှုတွေကြောင့်လည်း ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။
ဘယ်လို အခြေအနေဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုမလဲ!
ဝက်ခြံဖြစ်တာက အခုလို အခြေအနေဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
- ဝက်ခြံကို လိုအပ်တဲ့ ကုသမှုတွေ လုပ်နေပေမယ့်လည်း မသက်သာတာ
- ရုတ်တရက် ပြင်းပြင်းထန်ထန် ဝက်ခြံကို ခံစားလာရတာ
- ရာသီသွေးဆင်းမမှန်တာ
- ဟော်မုန်းမညီတဲ့ လက္ခဏာတွေ ခံစားနေရတာ
- ဆံပင်တွေပါးသွားတာ
- ကိုယ်အလေးချိန် ရုတ်တရက်ကြီး ပြောင်းလဲတာ (တက်လာတာဖြစ်ဖြစ်၊ ကျသွားတာဖြစ်ဖြစ်) ခံစားရတာမျိုးတွေ ဖြစ်မယ်ဆိုရင် လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဝက်ခြံက အလှအပရေးရာ ပြဿနာလို့ ယူဆစရာ ရှိပေမယ့် အရေပြားကျန်းမာရေးပြဿနာ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ကုသမှု ခံယူဖို့ လိုသလို ဝက်ခြံတွေက ရုတ်တရက် ပိုဆိုးလာတာနဲ့အတူ ရာသီသွေးဆင်း မမှန်တာ၊ ရုတ်တရက်ဝလာ၊ ပိန်သွားတာမျိုး ဖြစ်မယ်ဆိုရင်၊ အမွေးအမျှင်တွေ ထူလာတာ၊ ဆံပင်တွေ ပါးသွားတာမျိုး ဖြစ်လာမယ်ဆိုရင်တော့ မီးယပ်ကျန်းမာရေးပြဿနာအချို့ရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်တာကြောင့် သေချာလေး စစ်ဆေးကုသမှု ခံယူဖို့ အကြံပြုချင်ပါတယ်။