ရာသီလာနေချိန်မှာ ဆီးသွားချင်ရင် အောင့်ထားဖို့ခက်တာ၊ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတာ၊ ဆီးသွားချင်ပြီဆိုရင် ချက်ချင်းဆိုသလို သွားရမှာဖြစ်တာမျိုး ခံစားနေရတာက ပုံမှန် မဟုတ်ဘဲ တစ်ခုခု လွဲနေပြီလို့ ခံစားနေရပြီလား! ဒါဆိုရင်တော့ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ရပ်လို့ပဲ ဆိုရပါမယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
ရာသီလာနေချိန်မှာ ဆီးမထိန်းနိုင်သလို ဖြစ်တတ်သလား!
ရာသီလာနေချိန်မှာ ဆီးမထိန်းနိုင်သလို ဖြစ်တတ်သလား! ဆိုတော့ ဖြစ်တတ်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ –
- ပထမဆုံး တစ်ချက်က ရာသီလာချိန်မှာ ကိုယ်တွင်းမှာ ပရိုဂျက်စတုန်းဟော်မုန်း ပမာဏ တိုးလာတာက ဆီးအိမ်ကျုံ့ဆန့်မှုကို ဖြစ်စေပြီး ခန္ဓာကိုယ်တွင်းက အရည်စွန့်ထုတ်မှုကို တိုးစေပြီး ဆီးခဏခဏ သွားတာ ဆီးမထိန်းနိုင်တာတွေကို ဖြစ်စေနိုင်ပါတယ်။
- နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ ရာသီလာနေချိန်မှာ ဝမ်းဗိုက်ပေါ်မှာ သက်ရောက်မှု ပမာဏပြောင်းလဲ သွားပြီး ဆီးစွန့်ပြွန်ကြွက်သားတွေနဲ့ တင်ပဆုံကြွက်သားတွေ အားနည်းစေပြီး ဆီးမထိန်းနိုင်တာကို ဖြစ်စေနိုင်ပါတယ်။
- နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခုကတော့ ရာသီလာချိန်မှာ အသုံးပြုတဲ့ အခုအခံပစ္စည်းတွေကြောင့်လည်း ဆီးမထိန်းနိုင်တာမျိုးကို ဖြစ်စေနိုင်တာပါ။
ဒီလို အခြေအနေတွေက အမျိုးသမီးတော်တော်များများမှာ ခံစားဖူးကြပါတယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လေ့လာမှုအတွင်း အမျိုးသမီး ၁၃၃ ဦးကို လေ့လာခဲ့ရာမှာ ၄၁ ရာခိုင်နှုန်းက ရာသီလာချိန်မှာ ဆီးမထိန်းနိုင်တာကို ခံစားရတယ်ဆိုတာပါ။
- ၄၂ ရာခိုင်နှုန်းကတော့ ရာသီအကြိုကာလမှာ ဆီးမထိန်းနိုင်တာက ပိုပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။
- ၃၆ ရာခိုင်နှုန်းကတော့ ရာသီလာနေချိန်မှာ ဆီးမထိန်းနိုင်တာက ပိုပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။
- ၁၅ ရာခိုင်နှုန်းကတော့ လတစ်လရဲ့ အလယ်ပိုင်းလောက်မှာ ဆီးမထိန်းနိုင်တာက ပိုပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။
- ၇ ရာခိုင်နှုန်းကတော့ ရာသီအပြီးကာလမှာ ဆီးမထိန်းနိုင်တာက ပိုပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။
ဘယ်လို သက်သာအောင် လုပ်လို့ ရမလဲ!
ရာသီလာချိန်မှာ ဆီးမထိန်းနိုင်တာကို သက်သာစေဖို့ဆိုရင်တော့ တင်ပဆုံကြွက်သားတွေ သန်မာစေဖို့ လေ့ကျင့်ခန်း လုပ်ဖို့ လိုသလို ရေလုံလောက်အောင် သောက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာ၊ ကဖင်း၊ အယ်လ်ကိုဟောတွေကို ရှောင်တာလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို လိုက်နာတာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ကို ထိန်းညှိတာမျိုး လုပ်ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ရာသီလာချိန်မှာ ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေကို ရှောင်လွှဲဖို့ ခက်ပေမယ့် သက်သာစေဖို့ အာဟာ ပြည့်ဝမျှတအောင် စားသုံးတာအပြင် တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ဖို့လည်း လိုပါမယ်။