အတွေးလေး ကောင်းလိုက်တာ သူတို့ ဘယ်လိုများ တွေးကြလဲဆိုတာကို နားကိုမလည်တော့ဘူး ဆိုတဲ့သူတွေအတွက် အတွေးတွေ ထက်မြက်စေဖို့ နေ့စဉ်လုပ်ဆောင်သင့်တဲ့ အလေ့အထလေးတွေ မျှဝေပေးလိုက်ပါတယ်။
အတွေးတွေဆိုတာက နေ့စဉ်အပြုအမူတွေကနေ အခြေခံလာတဲ့ ထုတ်ကုန်တစ်ခုလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ကျွမ်းကျင်မှုတွေကို ဖြည့်တင်းရင်း ကျန်းမာတဲ့ နေ့စဉ်နေထိုင်မှု ဘဝကို ပိုင်ဆိုင်ထားမယ်ဆိုရင် ထက်မြက်ကောင်းမွန်တဲ့ အတွေးတွေကို တွေးနိုင်မယ်ဆိုတာ အသေအချာပါပဲ။
အတွေးတွေ ထက်မြက်စေဖို့ နေ့စဉ်လုပ်ဆောင်သင့်တဲ့ အလေ့အထ (၇) ရပ်
ဒီတော့ ဘယ်လို အလေ့အထလေးတွေက ထက်မြက်တဲ့ အတွေးတွေကို ဖြစ်စေတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။
- လမ်းလျှောက်ပါ
လမ်းလျှောက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ အလေ့အထကောင်း တစ်ခုပါ။ တစ်နေ့ကို ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် လမ်းလျှောက်တာက ဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ရော ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
အထိုင်များတာက ဦးနှောက်ကို ထိုင်းမှိုင်းစေပေမယ့် လမ်းလျှောက်တာ ကိုယ်လက်လှုပ်ရှားတာကတော့ အတွေးကောင်းလေးတွေ တွေးမိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- တစ်ဦးဦးကို စာသင်ပေးပါ
သင်ယူမှုတွေ သင်ကြားမျှဝေပေးမှုတွေက ဦးနှောက်ကို ကျန်းမာစေဖို့ရော အတွေးကောင်းလေးတွေ တွေးမိစေဖို့ ပါ ထောက်ကူပေးနိုင်ပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်လောက်တော့ စာသင်တာမျိုး လုပ်ပေးပါ။ ဒီလို လုပ်တာက စိတ်ကူးသစ်တွေ အတွေးသစ်တွေကို ဖြစ်စေနိုင်ပါတယ်။
- နေ့လယ်ခင်း အိပ်ပေးပါ
နေ့လယ်ခင်းမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် အိပ်ပေးတာက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေပြီး အတွေးတွေ ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေ့လယ်ခင်းမှာ ခဏလောက် အိပ်စက် အနားယူပေးဖို့ လုပ်ပေးပါ။
- အသီးအရွက်တွေ စားပေးပါ
နေ့စဉ်စားသုံးမှုတွေမှာ ဆန်၊ ဂျုံ၊ ပြောင်း တို့လိုမျိုး နှံစားသီးနှံတွေ၊ ပဲအမျိုးမျိုးနဲ့ အရောင်အသွေး စုံလင်တဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စားပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ထက်မြက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အတွေးကောင်းလေးတွေ ဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- စာဖတ်ပါ
နေ့တိုင်းကို စာလေးသေချာ ဖတ်ပါ။ ဒီလို စာဖတ်တဲ့အခါ ဗဟုသုတ ဖြစ်စေမယ့် စာလေးတွေကို အဓိကထား ဖတ်စေချင်ပါတယ်။ ဒါကြောင့် နေ့တိုင်းလိုလို စာဖတ်ဖြစ်အောင် ဖတ်ပါ။ စာဖတ်တာက ဦးနှောက်ကို ကျန်းမာစေဖို့ရော အတွေးကောင်းလေးတွေ ဖြစ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
- တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်ပါ
အလုပ်လုပ်တဲ့အခါ multi- tasking ရတာက ကောင်းတယ်ဆိုပေမယ့် ဒီလိုလုပ်တာက အတွေးကောင်းလေး တွေကို တွေးမိစေဖို့ရာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့အခါ တစ်ခုတည်းကိုသာ အာရုံစိုက်ထားဖို့ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက အတွေးကောင်းတွေကို တွေးမိစေဖို့ ထောက်ကူပေးနိုင် တာကြောင့် တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်ထားပါ။
- စီကာစဉ်ကာ စဉ်းစားဖို့ အချိန်ပေးပါ
တစ်နေ့ကို ၁၅ မိနစ်လောက် အချိန်ပေးပြီး အလုပ်တွေကို စီကာစဉ်ကာ စဉ်းစားဖို့ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ဦးနှောက်ထဲက အတွေးတွေကို စနစ်တကျ သိမ်းဆည်းလိုက်တာဖြစ်သလို ထပ်ပြီး အတွေးကောင်းလေးတွေ တွေးမိစေဖို့ ဦးနှောက်ကို အားဖြည့်ပေးလိုက်တာပါပဲ။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက် အချိန်ယူပြီး စီကာစဉ်ကာ စဉ်းစားပေးပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
အတွေးကောင်းလေးတွေက လုပ်ဆောင်မှုတွေကို ကောင်းစေဖို့ ထောက်ကူပေးနိုင်တာကြောင့် နေ့စဉ်တိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝအောင် စားသုံးပေးတာအပြင် သီချင်းနားထောင်တာ၊ တရားမှတ်တာ၊ ယောဂလေ့ကျင့်တာလိုမျိုး စိတ်ဖိစီးမှု လျော့ကျစေပြီး ဦးနှောက် စွမ်းဆောင်ရည် ကောင်းမွန်စေတဲ့ အလေ့အထလေးတွေကို မွေးမြူကြဖို့ အကြံပြုလိုက်ပါရစေ။





