ရာသီသွေးဆင်းတာက အနံ့လည်း မဆိုးဘူးဖြစ်မယ်။ တစ်လတစ်ကြိမ် ရာသီသွေးလည်း ဆင်းမယ်ဆိုရင်တော့ ဒါက ပုံမှန်ပဲလို့ ဆိုရပါမယ်။ ဒါပေမယ့် ရာသီသွေး ပုံမှန်ဆင်းနေပေမယ့် လေဒီလေးတွေကို စိတ်ပူစေတဲ့ အချက်လေး တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ရာသီသွေးဆင်းတဲ့အထဲမှာ သွေးခဲတွေ ပါလာတာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ရာသီသွေးထဲမှာ သွေးခဲတွေ ပါရတာက ဘာကြောင့်ဖြစ်တာလဲ! ဘယ်လို အခြေအနေဆို စိုးရိမ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ရာသီသွေးထဲ သွေးခဲတွေပါတာ ပုံမှန်ပဲလား!
ရာသီသွေးထဲ သွေးခဲတွေပါလာတာက များသောအားဖြင့်ကတော့ ပုံမှန်ပါပဲ။ ရာသီစက်ဝန်း အစပိုင်းနဲ့ အဆုံးပိုင်းရက်တွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ တော်တော်များများကတော့ ရာသီသွေးထဲမှာ သွေးခဲတွေ ပါလာရင် စိုးရိမ်ကြတာ များပါတယ်။ တကယ်ကတော့ ရာသီသွေးထဲမှာ သွေးခဲတွေ ပါရတာက သားအိမ်နံရံက သွေးဆဲလ်တွေ၊ တစ်ရှူးတွေ၊ ပရိုတင်းတွေက အတုံးအခဲများ အနေနဲ့ ခန္ဓာကိုယ် ပြင်ပကို ဆင်းလာတာ ဖြစ်ပါတယ်။ ဒီအခြေအနေကတော့ ပုံမှန်ပဲလို့ ဆိုရပါမယ်။
ရာသီလာနေချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေက သားအိမ်အတွင်းနံရံတစ်ခုလုံးကို ရာသီသွေးအနေနဲ့ ခန္ဓာကိုယ်ပြင်ပကို ဆင်းသွားစေတာပါ။ ဒီလို ရာသီသွေးဆင်းမှု ဖြစ်စဉ် ဖြစ်ပေါ်နေချိန်မှာ သွေးကြောလေးတွေကနေ သွေးတွေထွက်တာကို ဖြစ်စေပါတယ်။ ဒီအနေအထားမှာ ကိုယ်တွင်းက သွေးဆုံးရှုံးအရမ်းများတာမျိုးမဖြစ်အောင် ကာကွယ်ပေးဖို့အတွက် သွေးခဲစေတဲ့ သွေးဆဲလ်လေးတွေနဲ့ သွေးရည်ကြည်တွေက သွေးခဲစေဖို့ အတူလုပ်ဆောင်လိုက်တာကြောင့် ရာသီသွေးထဲမှာ သွေးခဲတွေ ပါလာရတာပါ။
အချို့သော ကျန်းမာရေး အခြေအနေတွေကလည်း သွေးခဲဆင်းတာကို ဖြစ်စေနိုင်ပါတယ်။

ရာသီသွေးထဲ သွေးခဲတွေပါရတာ ဘာကြောင့်လဲ!
ရာသီသွေးထဲမှာ သွေးခဲတွေ ပါရတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။
- သွေးဆင်းများတာ
သွေးဆင်းများတာကြောင့်လည်း သွေးခဲတာကို ဖြစ်စေနိုင်ပါတယ်။ ရာသီသွေးဆင်းများတဲ့ ရက်တွေဖြစ်တဲ့ ရာသီစက်ဝန်း အစောပိုင်းရက်တွေနဲ့ အဆုံးပိုင်းရက်တွေမှာ သွေးဆင်းများတာနနဲ့အတူ သွေးခဲတွေဆင်းတာ ကိုပါ ဖြစ်စေနိုင်ပါတယ်။
- ဟော်မုန်းမမျှတတာ
ကိုယ်တွင်းမှာ ဟော်မုန်းအတက်အကျမြန်ပြီး အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ အတက်အကျ မြန်လွန်းတာကလည်း သားအိမ်အတွင်းနံရံတွေကို ထူစေပြီး သွေးဆင်းများတာ သွေးခဲတွေဆင်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
- Adenomyosis (သားအိမ်တစ်ရှူးများ ကြွက်သားအဖြစ်ပြောင်းလဲသွားခြင်း)
သားအိမ်အတွင်းနံရံမှာရှိနေတဲ့ တစ်ရှူးတွေက ရာသီသွေးအနေနဲ့ ဆင်းသွားတာမျိုး မရှိဘဲ သားအိမ်အတွင်းထဲမှာ ကြွက်သားနံရံအနေနဲ့ ကြီးထွားလာတာကလည်း ရာသီသွေးဆင်းများတာ၊ သွေးခဲတွေ ဆင်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
- သားအိမ်ထဲမှာ အလုံးတည်တာ
သားအိမ်ထဲမှာ ကင်ဆာမဟုတ်တဲ့ အလုံးတွေဖြစ်ပေါ် ကြီးထွားလာတာကလည်း သွေးဆင်းများပြီး သွေးခဲတွေ ဆင်းတာကို ဖြစ်စေနိုင်ပါတယ်။
- သားအိမ်တစ်ရှူးတွေ သားအိမ်ပြင်ပမှာ ကြီးထွားနေတာ
သားအိမ်အတွင်းနံရံမှာ ရှိနေတဲ့ တစ်ရှူးတွေက သားအိမ်ပြင်ပမှာ ကြီးထွားနေတာကလည်း သွေးဆင်းများတာ၊ သွေးခဲတွေဆင်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
- သားအိမ်မှာ ရေအိတ်တည်တာ
သားဥအိမ်ထဲမှာ ရေအိတ်လေးတွ တည်နေတာကလည်း ဟော်မုန်းဟန်ချက်မညီတာကို ဖြစ်စေပြီး သွေးဆင်းမမှန်တာ၊ သွေးဆင်းများတာနဲ့ သွေးခဲတွေဆင်းတာမျိုးကို ဖြစ်စေနိုင်ပါတယ်။
- သွေးရောဂါ တစ်ခုခု ဖြစ်နေတာ
သွေးရောဂါတစ်ခုခု ခံစားနေရတာကလည်း ရာသီသွေးဆင်းများတာနဲ့ သွေးခဲတွေ ဆင်းတာမျိုးကို ဖြစ်စေနိုင်ပါတယ်။
- သိုင်းရွိုက်ပြဿနာရှိနေတာ
သိုင်းရွိုက်က အလုပ်သိပ်မလုပ်တာပဲ ဖြစ်ဖြစ်၊ ပုံမှန်ထက် အလုပ်တွေ ပိုလုပ်နေတာမျိုးဖြစ်ဖြစ် ရှိနေမယ်ဆိုရင်လည်း ဟော်မုန်းဟန်ချက်မညီတာကို ဖြစ်စေပြီး သွေးဆင်းများတာနဲ့ သွေးခဲတွေဆင်းတာမျိုးကို ဖြစ်စေနိုင်ပါတယ်။
အခုလို အခြေအနေတွေက ရာသီသွေးဆင်းများတာနဲ့ ရာသီသွေးထဲမှာ သွေးခဲတွေ ပါနေတာကို ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်နဲ့ ပြရမလဲ!
ရာသီသွေးထဲမှာ သွေးခဲတွေပါနေတိုင်း ဆရာဝန်နဲ့ မဖြစ်မနေပြဖို့ မလိုပါဘူး။ ဒါပေမယ့် သွေးဆင်းတဲ့ ရာသီစက်ဝန်းက သိသိသာသာ ပြောင်းသွားတာမျိုး ဖြစ်မယ်။ သွေးခဲတွေက အရွယ်အစားကြီးနေမယ်။ သွေးခဲတွေဆင်းနေတာနဲ့အတူ ပြင်းထန်နဲ့ နာကျင်ကိုက်ခဲမှုတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူတွေနဲ့ ပြသပြီး ကုသမှု ခံယူပေးဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ရာသီသွေးဆင်းတဲ့ထဲမှာ သွေးခဲတွေပါလာတယ်ဆိုတဲ့နေရာမှာ သွေးခဲတွေ အရမ်းကြီးနေတာမျိုးဖြစ်မယ် ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြားမှာလည်း သွေးဆင်းတာမျိုးဖြစ်မယ်။ သွေးခဲတွေဆင်းချိန်မှာလည်း အရမ်းကို နာကျင်ခံစားနေရာတာမျိုး ဖြစ်မယ်ဆိုရင်တော့ တတ်သိနားလည်သူတွေနဲ့ သေချာလေး ပြသပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူကြဖို့ အကြံပြုချင်ပါတယ်။





