ဆောင်းအေးလာပြီဆိုရင် အရေပြားပေါ်မှာ ပက်ကြားအက်သလို ခြောက်ကပ်ကပ်နဲ့ ကွဲလာတာမျိုးတွေ တွေ့ရတတ်ပါတယ်။ ဒါကို အသားပပ်တယ်လို့ ခေါ်ကြပါတယ်။ ဒီလို အသားပပ်တာက ဆောင်းရာသီရဲ့ အအေးဒဏ်ကြောင့် ဖြစ်ရတယ်ဆိုပေမယ့် များသောအားဖြင့် ကြားရတာကတော့ ချေးသေချာမတွန်းလို့လို့ ပြောကြတာ များပါတယ်။ ဒါက တကယ်ပဲလား! ဆောင်းရာသီမှာ အသားပပ်ရတဲ့ အကြောင်းအရင်းလေးကို မျှဝေပေးချင်ပါတယ်။
ဆောင်းရာသီမှာ ချေးမတွန်းလို့ အသားပပ်ရတာလား!
ဆောင်းရာသီမှာ ချေးမတွန်းလို့ အသားပပ်တယ်ဆိုတာက ဖြစ်နိုင်ခြေ နည်းနည်းလောက်တော့ ရှိပါတယ်။ ဆောင်းရာသီမှာ အရေပြားပေါ်က ဆဲလ်သေတွေကို သေချာ မဖယ်ရှားတာ၊ အရေပြားပေါ်က ချေးညှော်တွေကို သေချာ မသန့်ရှင်းမိတာကြောင့် အသားအရေက ပုံမှန်ထက် ထိခိုက်လွယ်တာမျိုး ဖြစ်ရတာပါ။
နောက်တစ်ချက်ကတော့ အရေပြားကို သန့်စင်ရာမှာ အသုံးပြုကြတဲ့ ဆပ်ပြာတွေပါ။ ဒီလို အရေပြားအတွက် သန့်ရှင်းဖို့ သုံးကြတဲ့ ရေချိုးဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာတွေက ဆပ်ပြာအပြင်းစားတွေ ဖြစ်မယ်ဆိုရင်ဖြစ်ဖြစ် ဒါမှမဟုတ် ရေနွေးနဲ့ ရေချိုးတာကြောင့် အရေပြားပေါ်က သဘာဝ အဆီတွေကို အလွန်အကျွံ ဖယ်ရှားလိုက် သလို ဖြစ်ပြီး အရေပြားကို ခြောက်သွေ့စေတာပါ။ နောက်တစ်ချက်ကတော့ ဆောင်းရာသီမှာ လေထုထဲမှာ စိုထိုင်းဆ နည်းတာ၊ ပြင်ပလေထုက အေးမြခြောက်သွေ့တာ၊ မီးလှုံတာတွေကြောင့် အရေပြားမှာ ရေဓာတ် ဆုံးရှုံးမှု များပြီး အသားခြောက်သွေ့ပြီး အသားပပ်တာကို ဖြစ်စေတာပါ။

ဆောင်းရာသီမှာ အသားမပပ်အောင် ကာကွယ်လို့ ရလား!
ဆောင်းရာသီမှာ အသားမပပ်စေဖို့ ကာကွယ်လို့ ရပါတယ်။ ဘယ်လို ကာကွယ်မလဲဆိုတော့ –
- ဆပ်ပြာအပျော့စားလေးတွေကိုပဲ သုံးပါ – ဆောင်းရာသီမှာ အရေပြားကို သန့်စင်ဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ ဆပ်ပြာအပျော့စားလေးတွေကိုပဲ သုံးပါ။ နောက်တစ်ချက်ကတော့ အစိုဓာတ်ထိန်းပေးနိုင်တဲ့ ရေချိုးဆပ်ပြာရည်မျိုးကို သုံးပေးပါ။ ရေနွေးနဲ့ ရေချိုးမယ်ဆိုရင်လည်း ရေနွေး အရမ်းပူနေတာမျိုးနဲ့ မချိုးဖို့ လိုပါမယ်။
- အစိုဓာတ်ထိန်းခရင်မ် မလိမ်းပါနဲ့ – ဆောင်းရာသီမှာ ရေချိုးပြီးတိုင်းမှာ အစိုဓာတ်ထိန်းခရင်မ်ကို ပုံမှန်လေး လိမ်းပေးဖို့ လိုပါမယ်။ ဒါမှ အရေပြားကို ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့မှုကြောင့် အသားပပ်တာကို ကာကွယ်ပေးနိုင်မှာပါ။
- လေထုကြောင့် ထိခိုက်နိုင်ခြေကို ကာကွယ်ပါ – ဆောင်းရာသီမှာ နေထိုင်ရာ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်ကို ဖွင့်ထားဖို့ လိုသလို အရေပြားကို အေးမြခြောက်သွေ့တဲ့ လေထုနဲ့ ထိတွေ့မှုကြောင့် ထိခိုက်မှု မဖြစ်စေဖို့ အပြင်ထွက်တိုင်း လုံခြုံနွေးထွေးစွာ ဝတ်ဆင်ပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့ လေထုကြောင့် အသားပပ်တာကို သေချာဂရုမစိုက်မိဘူးဆိုရင် အရေပြားတွေ ခြောက်သွေ့ကွဲအက်ပြီး နောက်ဆက်တွဲ ပိုးဝင်တာမျိုးတွေ ဖြစ်စေနိုင်တာကြောင့် ဆောင်းရာသီမှာ အရေပြားကို အစိုဓာတ်ထိန်းတာ၊ ဆဲလ်သေတွေ ဖယ်ရှားတာ၊ ဆပ်ပြာအပျော့စားလေးတွေနဲ့ သေချာ သန့်စင်တာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ ဆောင်းအရမ်းမအေးရင်တောင် အပြင်သွားတိုင်းမှာ ချည်သားလက်ရှည် ဘောင်းဘီရှည် ပွပွချောင်ချောင်လေးတွေကို ဝတ်ဆင်ဖို့ လိုပါမယ်။ ရေများများသောက်ဖို့ နဲ့ အသီးအရွက်တွေကို များများစားပေးဖို့လည်း လိုပါမယ်။





