ခရုသင်းဖြစ်နေတာကို မြင်လိုက်ရင် ကူးကုန်မယ်။ သူပြင်ဆင်ပေးတဲ့ စားစရာတွေ မစားနဲ့ အသားချင်း မထိစေနဲ့ဆိုတဲ့ အယူအဆအမှားတွေကြားထဲမှာ သံသရာလည်နေတုန်းလား! ဒါဆိုရင်တော့ မှန်ကန်တဲ့ အကြောင်းခြင်းရာတွေကို သိစေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့်…..
ခရုသင်း ကူးစက်တတ်သလား!
ခရုသင်း ကူးစက်တတ်သလား! ဆိုတော့ အလွယ်ဆုံးနဲ့ အမြန်ဆုံးပြောရရင်တော့ မကူးပါဘူးလို့ပဲ ဆိုရပါမယ်။ အကြောင်းကတော့ ခရုသင်းက ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကြောင့် ဖြစ်တာ မဟုတ်တာကြောင့် အသားချင်း ထိတွေ့တာကနေ မကူးစက်နိုင်သလို လေထုထဲကနေဖြစ်ဖြစ် သွေးတွေ၊ တံထွေးတွေနဲ့ လိင်ဆက်ဆံရာကနေလည်း မကူးစက်နိုင်ပါဘူး။
ခရုသင်းဆိုတာက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အရေပြားရောင်ခြယ်ဆဲလ်တွေကို မှားယွင်းစွာ တိုက်ခိုက် ဖျက်ဆီးမှု တစ်ရပ်ဖြစ်တဲ့ autoimmune disorder တစ်ရပ်ပါ။ ရလဒ်အနေနဲ့ကတော့ အရေပြားမှာ အဖြူကွက်တွေ ဖြစ်လာတာပါ။ ဒါကြောင့် ခရုသင်းက လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ရုံနဲ့ မကူးစက်နိုင်ပါဘူး။ ဒီအရေပြားကျန်းမာရေး အခြေအနေက မကူးစက်နိုင်ပေမယ့် မျိုးရိုးလိုက်တာမျိုးတော့ ဖြစ်နိုင်ပါတယ်။
မိသားစုဝင် တစ်ဦးဦးမှာ ဒါမှမဟုတ် ဆွေမျိုးတွေထဲမှာ ခရုသင်းဖြစ်ဖူးတာ ရှိမယ်ဆိုရင်တော့ ခရုသင်းဖြစ်နိုင်ခြေ ရှိပါတယ်။ ပတ်ဝန်းကျင်အနေအထားနဲ့ နေ့စဉ်ထိတွေ့နေတဲ့ အရာတွေကလည်း ခရုသင်းကို ဖြစ်စေနိုင်ပါတယ်။

ဘယ်သူတွေမှာ ခရုသင်း ပိုဖြစ်နိုင်လဲ!
ခရုသင်းက လူမျိုးတိုင်း ကျား/မ မရွေးဖြစ်နိုင်ပါတယ်။ အသားအရောင်ရင့်သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်သလို အသက် ၃၀ မတိုင်ခင်မှာ အဖြစ်များပါတယ်။
တကယ်လို့ autoimmune ရောဂါ တစ်ခုခု ခံစားနေရမယ်ဆိုရင်လည်း ခရုသင်းရောဂါ ခံစားရနိုင်ခြေကို ပုံမှန်ထက် ပိုများနေပါတယ်။
- Addison’s disease
- သွေးအားနည်းရောဂါ
- အမျိုးအစား-၁ ဆီးချိုရောဂါ
- Lupus
- ဆိုရီရေးစစ်
- အဆစ်ရောင်လေးဖက်တာ
- သိုင်းရွိုက်ရောဂါ
ခရုသင်း ဘယ်လောက်ထိ အဖြစ်များလဲ!
ခရုသင်းက ၁၀၀ မှာ ၁ ယောက်လောက်ပဲ ဖြစ်တတ်တာမျိုးပါ။ စစဖြစ်စမှာ အဖြူရောင်အစက်လေးတွေ အကွက်ငယ်လေးတွေ ပေါ်လာတတ်ပြီး နောက်ပိုင်းမှ ခန္ဓာကိုယ် အနှံ့ဆီကို ပြန့်သွားတာမျိုးပါ။ လက်တွေ၊ လက်ဖျံတွေ၊ ခြေထောက် နဲ့ မျက်နှာတို့မှာ ပြန့်သွားတတ်ပါတယ်။ ခရုသင်းက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို ပြန့်နိုင်ပြီး ပါးစပ်၊ နှာခေါင်းအတွင်းပိုင်းတွေ၊ နားတွင်းပိုင်းနဲ့ မျက်လုံးတွေမှာလည်း ဖြစ်နိုင်သလို မျိုးပွားအင်္ဂါတွေနဲ့ စအိုတဝိုက်မှာလည်း ဖြစ်နိုင်ပါတယ်။
ဘာတွေကြောင့် ခရုသင်းဖြစ်ရတာလဲ!
ခရုသင်းဖြစ်စေရတဲ့ အကြောင်းအရင်းကိုတော့ သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် လေ့လာမှုတွေ အရ သိရတာကတော့ –
- Autoimmune ပြဿနာ တစ်ခုခု ရှိနေတာ
- မျိုးဗီဇပြဿနာ
- စိတ်ဖိစီးမှု များလွန်းတာ
- ပတ်ဝန်းကျင်အနေအထားတွေ
- နေ့စဉ်ထိတွေ့မိနေတဲ့ ဓာတုပစ္စည်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
ခရုသင်းက နာလား!
ခရုသင်းက နာကျင်တာမျိုး မဖြစ်ပါဘူး။ ဒါပေမယ့် နေရောင်ပြင်းပြင်းထဲကို ထွက်မယ်ဆိုရင်တော့ ခရုသင်းကို ပိုဆိုးစေပြီး နာကျင်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်မယ်ဆိုရင် နေလောင်ကာခရင်မ်ကို သေချာလေး လိမ်းပေးဖို့ လိုမှာ ဖြစ်သလို အကာအကွယ်ဖြစ်စေမယ့် အဝတ်အစားတွေကိုလည်း ဝတ်ဆင်တာမျိုး လုပ်ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ခရုသင်းက မကူးစက်တတ်သလို သွေးကနေတဆင့်လည်း မကူးစက်ပါဘူး။ အသုံးအဆောင်တွေကို အတူတကွ သုံးစွဲမိတာကြောင့်လည်း မကူးစက်နိုင်ပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို သေချာလေး ခံယူဖို့ လိုပါမယ်။





