အရွယ်ငယ်ငယ်မှာ ကိုယ်ဝန်ဆောင်ရရင် ဘာတွေဖြစ်နိုင်လဲ!

အရွယ်ငယ်ငယ်မှာ ကိုယ်ဝန်ဆောင်ရရင် ဘာတွေဖြစ်နိုင်လဲ!
အရွယ်ငယ်ငယ်မှာ ကိုယ်ဝန်ဆောင်ရရင် ဘာတွေဖြစ်နိုင်လဲ!

ကိုယ်ဝန်ဆောင်တယ်ဆိုတာက အမျိုးသမီးတစ်ယောက်အတွက် အကြီးမားဆုံးသော ပျော်ရွှင်စရာကောင်းတဲ့ ကိစ္စဆိုပေမယ့် အသက်ငယ်လွန်းချိန်မှာ ကိုယ်ဝန်ဆောင်တာက မိခင်ဖြစ်သူအတွက်ရော ကလေးတွေမှာပါ ထိခိုက်မှု ကြီးကြီးမားမားတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အရွယ်ငယ်ငယ်မှာ ကိုယ်ဝန်ဆောင်ရရင် ဘာတွေဖြစ်နိုင်လဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ 

အရွယ်ငယ်ငယ်မှာ ကိုယ်ဝန်ဆောင်ရရင် ဘာတွေဖြစ်နိုင်လဲ!

ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်တာက ကိုယ်ဝန်ဆောင်ရတဲ့ မိခင်မှာရော ဝမ်းထဲမှာ လွယ်ထားရတဲ့ ကလေးငယ်လေးကိုပါ သေဆုံးနိုင်ခြေများပါတယ်။ ဒါတင်မကသေးဘဲ ကလေးကို အသက်အန္တရာယ်မရှိဘဲ မွေးဖွားခဲ့ရင်တောင်မှ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်ရတဲ့အခါမှာ ကိုယ်တိုင်မှာလည်း အာဟာရချို့တဲ့မှုနဲ့အတူ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်တဲ့အပြင် အသက်ငယ်လွန်းတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ကလေးမှာလည်း ရောဂါတွေ ခံစားရနိုင်ခြေ တော်တော်လေး များနေတယ်ဆိုတာပါ။ 

ဆယ်ကျော်သက်အရွယ် (အသက် ၁၀ နှစ် ကနေ ၁၉ နှစ်ကြား) မှာ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေမှာ 

  • ကိုယ်ဝန်ဆိပ်တက်တာ
  • မီးဖွားစဉ်ပိုးဝင်ကူးစက်တာ (ချုပ်ရိုးနဲ့ အမျိုးသမီးမျိုးပွားအင်္ဂါမှာ ပိုးဝင်ကူးစက်တာ) နဲ့
  • ပိုးဝင်ကူးစက်တာကြောင့် တစ်ရှူးတွေပုပ်တာမျိုးတွေ ခံစားရနိုင်ခြေကလည်း အသက်၂၀ ကျော် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထက် ခံစားရနိုင်ခြေက ပိုများနေပါတယ်။ 

ဆယ်ကျော်သက်မိခင်ကနေ မွေးလာတဲ့ ကလေးမှာလည်း 

  • ပေါင်မပြည့်ဘဲမွေးတာ
  • လမစေ့ဘဲမွေးတာ
  • ပြင်းထန်တဲ့ မွေးရာပါ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။

အရွယ်မတိုင်ခင်မှာ ကိုယ်ဝန်ဆောင်ရခြင်းက ကမ္ဘာတလွှားမှာရှိတဲ့ အသက် ၁၅ နှစ် ကနေ ၁၉ နှစ်ကြား အမျိုးသမီးငယ်လေးတွေကို သေဆုံးစေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဆယ်ကျော်သက် တော်တော်များများမှာ ကိုယ်ဝန်ဆောင်ရတာ ကလေးမွေးဖွားရတာတွေက ကိုယ်တိုင်ဆန္ဒရှိလို့ ဖြစ်ရတာထက် မလိုချင်ဘဲ ရရှိတဲ့ ကိုယ်ဝန်တွေကို မွေးဖွားရတာသာ ဖြစ်ပါတယ်။

နိုင်ငံတော်တော်များများ မလိုချင်ဘဲ ရရှိတဲ့ ကိုယ်ဝန်ကို တရားဝင် ဖျက်ချလို့ မရဘဲ ပြင်းပြင်းထန်ထန် တားမြစ် ထားတာကြောင့်လည်း ဘေးကင်းလုံခြုံမှု မရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းတွေကို လုပ်ဆောင်ရာကနေလည်း မလိုအပ်ဘဲ အသက်ဆုံးရှုံးတာကို ဖြစ်စေနိုင်ပါတယ်။ နှစ်စဉ်တိုင်းမှာလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ အသက် ၁၅ နှစ် ကနေ ၁၉ နှစ်ကြား အမျိုးသမီးငယ်လေး ၃.၉ သန်းလောက်ဟာ ဘေးကင်းစိတ်ချရမှု မရှိတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေကြောင့် အသက်ဆုံးရှုံးနေရပါတယ်။

အသက်ငယ်ငယ် ဆယ်ကျော်သက်အရွယ်လောက်မှာ ကိုယ်ဝန်ဆောင်ရတာက လူမှုဆက်ဆံရေးမှာရော စီးပွားရေးပိုင်းမှာပါ အပျက်သဘောဆောင်တဲ့ အကျိုးဆက်တွေကို ခံစားရနိုင်စေပြီး မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကနေ ဝိုင်းဝန်းပြစ်တင်တာ ဖယ်ကျဉ်တာတွေကို ခံစားကြရပါတယ်။ လက်မထပ်ဘဲ ကိုယ်ဝန်ဆောင်ရတဲ့ ဆယ်ကျော်သက်လေးတွေဟာ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခံရမှုနဲ့အတူ အကြမ်းဖက်ခြိမ်းခြောက်မှုတွေနဲ့ပါ ရင်ဆိုင်ကြရတာမျိုးတွေလည်း ရှိကြပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တာက ဆင်းရဲပြီး ကျပ်တည်းတဲ့ လူမှုအသိုက်အဝန်းတွေမှာ အများဆုံး တွေ့ရပြီး မိန်းကလေးတော်တော်များများဟာ အရွယ်မတိုင်ခင်မှာ လက်ထပ်ဖို့ ဖိအားပေးခံရသလိ‌ြ အရွယ်မတိုင်ခင်မှာ ကိုယ်ဝန်ဆောင်ဖို့ ဖိအားပေးခံရတာတွေလည်း ရှိနေပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်ရတဲ့ မိန်းကလေး အရေအတွက် များလာရခြင်းက မိန်းကလေး ငယ်လေးတွေမှာ မျိုးဆက်ပွားကျန်းမာရေးနဲ့ ကိုယ်တိုင်ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် ကိုယ်တိုင်ဆုံးဖြတ်ခွင့် မရတာကြောင့်လည်း ဖြစ်ပါတယ်။ 

အမျိုးသမီးငယ်လေးတွေတိုင်းသာ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရမယ်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုရဲ့ အကျိုးဆက်တွေကို သိရှိမယ်။ မှန်ကန်ဆီလျော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုသာ ရရှိမယ်၊ မျိုးဆက်ပွားကျန်းမာရေးဗဟုသုတတွေကို ရရှိမယ်ဆိုရင် ပိုကျန်းမာပျော်ရွှင်တဲ့ မိခင်ဘဝတွေကို ပိုင်ဆိုင်နိုင်မှာမို့ အားလုံးတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *