ဆောင်းလေအေးအေးကြားမှာ ဝက်ခြံတွေ တစ်လုံးပြီး တစ်လုံး နေ့ချင်းညချင်း မျက်နှာပေါ်မှာ တိုးပွားနေလို့ စိတ်ညစ်နေရပြီလား…. ဒါဆိုရင်တော့ ဆောင်းရာသီမှာ Breakouts တွေ ဘာကြောင့်ဖြစ်ရတာလဲ! ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်လို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ဆောင်းရာသီမှာ ဝက်ခြံတွေ ဘာကြောင့် ပိုထွက်နေရတာလဲ!
ဆောင်းရာသီမှာ ဝက်ခြံတွေထွက်ရတဲ့ အကြောင်းကို မပြောခင် အရေပြားအကြောင်းလေးကို အရင်ပြောပြချင်ပါတယ်။ အရေပြားပေါ်မှာ သန်းနဲ့ချီတဲ့ ချွေးပေါက်ငယ်လေးတွေ ရှိပါတယ်။ ဒီထဲမှာဆိုရင် မွေးညှင်းအိတ်လေးတွေနဲ့ အဆီဂလင်းလေးတွေ ပါဝင်နေပါတယ်။ ဒီချွေးပေါက်လေးတွေမှာ အဆီတွေနဲ့အတူ အရေပြားဆဲလ်သေတွေ ပိတ်ဆို့သွားတဲ့အခါမှာ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေနဲ့ ဆင်ဝက်ခြံလို့ခေါ်ကြတဲ့ နီရဲရောင်ရမ်းတဲ့ ဝက်ခြံတွေ ထွက်လာတာပါ။
ဆောင်းရာသီမှာ အရေပြားက အခြားရာသီတွေထက် ပိုပြီးခြောက်သွေ့တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အဆီဂလင်းတွေက အဆီတွေကို ပိုမိုထုတ်လွှတ်ပါတယ်။ အဆီဆိုတာက ဝက်ခြံကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့်ပဲ ဆောင်းအအေးဒဏ်ကို ခံနိုင်ဖို့ ခန္ဓာကိုယ်က အဆီတွေကိူ ပိုထုတ်လေလေ အရေပြားဆဲလ်သေတွေနဲ့ အဆီတွေက ချွေးပေါက်တွေထဲမှာ ပိတ်ဆို့လေလေ ဖြစ်ပြီး ဝက်ခြံတွေက ပိုပိုဖြစ်လာရတာပါ။
ဒါအပြင် ဆောင်းရာသီမှာဝက်ခြံပိုဖြစ်စေနိုင်တဲ့ အခြားအကြောင်းအရင်းလေးတွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့ –
- ခြောက်သွေ့လွန်းတာ – အေးမြခြောက်သွေ့တဲ့ လေထုနဲ့ အပူပေးစက်ဖွင့်ပြီး နေထိုင်ခြင်းတွေက အရေပြားရဲ့ အစိုဓာတ်ကို ကျဆင်းစေပြီး ဝက်ခြံထွက်လွယ်စေဖို့ ပံ့ပိုးပေးနေပါတယ်။
- အဆီထွက်များတာ – အပေါ်မှာ ပြောခဲ့သလိုပဲ အေးမြခြောက်သွေ့တဲ့ ရာသီဥတုကို အံတုနိုင်ဖို့ ခန္ဓာကိုယ်က အဆီတွေကို အများကြီးထုတ်လွှတ်တာကြောင့်လည်း အဆီနဲ့ဆဲလ်သေတွေက ချွေးပေါက်တွေမှာ ပိတ်ဆို့ပြီး ဝက်ခြံတွေကို ဖြစ်စေပါတယ်။
- အရေပြား အကာအကွယ်ပျက်စီးသွားတာ – အရေပြားက ခြောက်သွေ့တာ၊ နီမြန်းတာကြောင့် အရေပြားရဲ့ အကာအကွယ်အလွှာကို အားနည်းစေပြီး ဝက်ခြံကို အလွယ်တကူဖြစ်စေသလို ပိုးဝင်ကူးစက်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။
- နေထိုင်မှုပုံစံကြောင့် – ရေပူနဲ့ မျက်နှာသစ်တာ၊ ရေချိုးတာကြောင့် အရေပြားခြောက်သွေ့မှုကို ဖြစ်စေပြီး ဝက်ခြံအဖြစ်လွယ်စေသလို အချိုအစားများတာ၊ အရက်သောက်တာ၊ စိတ်ဖိစီးမှု များလွန်းတာကြောင့်လည်း ဆောင်းရာသီမှာ ဝက်ခြံဖြစ်ရတာပါ။
- ပြင်းတဲ့ Skin care တွေကို သုံးတာကြောင့် – ဆောင်းရာသီမှာ အရေပြားအတွက် သုံးတဲ့ ပစ္စည်းတွေက အရမ်းပြင်းတာမျိုးတွေ ဖြစ်မယ်ဆိုရင်လည်း ဆောင်းရာသီမှာ ဝက်ခြံကို ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုကာကွယ်လို့ ရမလဲ!
ဆောင်းအေးအေးမှာ ဝက်ခြံဖြစ်တာကို သက်သာစေဖို့နဲ့ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင်တော့ –
- အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ – တစ်နေ့ကို ၂ ကြိမ်လောက် non-comedogenic အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပြီး အရေပြားကို ရေဓာတ်ဖြည့်ပေးလို့ ရပါတယ်။
- ညင်သာစွာ သန့်စင်ပါ – ဆောင်းရာသီမှာ အရေပြားခြောက်သွေ့တာ ကင်းစေဖို့ဆိုရင် ရေနွေးအစား ခပ်နွေးနွေးရေကိုပဲ သုံးပြီး မျက်နှာသစ်ပါ။ အပြင်းစား မျက်နှာသစ်ဆပ်ပြာတွေအစား ခပ်ပျော့ပျော့ မျက်နှာသစ်ဆေးကို သုံးပါ။
- အစိုဓာတ်ထိန်းစက်ဖွင့်ထားပါ – နေထိုင်ရာ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်ကို ဖွင့်ထားပါ။ ဒီလိုလုပ်တာက အရေပြားကို ခြောက်သွေ့မှု ကင်းစေပြီး အရေပြား ထိခိုက်တာနဲ့ ဝကခြံဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
- အဆီများတဲ့ မိတ်ကပ်နဲ့ skincareတွေ၊ အနံ့ပြင်းတာတွေကို ရှောင်ပါ – ဆောင်းရာသီမှာ ချွေးပေါက်တွေကို ပိတ်ဆို့စေတာမျိုး အသားအရေကို ခြောက်သွေ့စေနိုင်တာမျိုး ဖြစ်စေနိုင်တဲ့ မိတ်ကပ်တွေနဲ့ skincare တွေကို ရှောင်ပါ။
- နေလောင်ကာခရင်မ် လိမ်းပါ – ဆောင်းရာသီမှာလည်း ခရမ်းလွန်ရောင်ခြည်တွေ ရှိနေနိုင်တာကြောင့် နေ့တိုင်း အပြင်ထွက်ခါနီးတိုင်းမှာ နေလောင်ကာခရင်မ်လိမ်းပေးပါ။
- မျက်နှာကို လက်နဲ့ မထိပါနဲ့ – မျက်နှာကို လက်နဲ့ ခဏခဏ ထိတာက မျက်နှာကို ဘက်တီးရီးယားတွေ ရောက်ရှိစေပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။
- ရေလုံလုံလောက်လောက် သောက်ပါ – နေ့တိုင်းမှာ ရေကို လုံလုံလောက်လောက် သောက်ပါ။ အစားကိုလည်း ပြည့်ပြည့်ဝဝ စားပါ။ နေ့တိုင်းမှာ Omega-3 Fatty Acids နဲ့ Probiotics ပါတဲ့ အစားအစာတွေကို စားပေးပါ။ ဒီလို စားပေးတာက အရေပြားကို အစိုဓာတ်ပြည့်ဝစေပြီး အရောင်ကျစေဖို့လည်း ထောက်ကူပေးပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဆောင်းရာသီမှာ အရေပြားခြောက်သွေ့မှု ကင်းစေဖို့နဲ့ ဝက်ခြံဖြစ်တာကို ကာကွယ်ဖို့ဆိုရင် အရေပြားကို သေချာလေး သန့်စင်ပြီး အစိုဓာတ်ပြည့်ဝအောင် ထိန်းသိမ်းဖို့ လိုသလို ရေလုံလောက်အောင် သောက်သုံးပြီး သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးဖို့ လိုပါမယ်။





