ကမ်းဇော်ဆီလို့ ပြောလိုက်ရင် တနင်္သာရီတိုင်းက ထွက်တဲ့ ဆေးဖက်ဝင်တဲ့ အဆီတစ်မျိုးရယ်လို့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးလိုလို သိရှိပြီး ဖြစ်ကြမှာပါ။ ကိုက်ခဲနာကျင်တာကစလို့ နာတာရှည် ကျန်းမာရေး အချို့အတွက်ပါ ထိရောက်တဲ့ သဘာဝဆေးစွမ်းလို့ သတ်မှတ်ထားကြတဲ့ ကမ်းဇော်ဆီက ဘယ်လိုတွေ ဆေးဖက်ဝင်လဲဆိုတာနဲ့ အသုံးပြုတဲ့အခါ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက် ပါတယ်။
ကမ်းဇော်ပင် ဆိုတာ
ကမ်းဇော်ပင်က အပင်ကြီးအမျိုးအစားဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၁၀၀ နီးပါးအထိ ရှင်သန်နိုင်တဲ့ နှစ်ရှည်ပင်အမျိုးအစားပါ။ ရာသီဥတုကို ခံနိုင်ရည်ရှိပြီး အရိပ်ရအပင်ကြီးမျိုးရင်းတစ်ခုပါ။ မြေနိမ့်ချိုမ့်ဝှမ်း ဒေသတွေ၊ ရွှံ့နွံပေါပြီး ရေရရှိတဲ့ ဒေသတွေမှာ များသောအားဖြင့် ပေါက်ရောက်ကြပါတယ်။
အပင်ရဲ့ အရွက်ကအစ အစိတ်အပိုင်းတော်တော်များများက ဆေးဖက်ဝင်ပါတယ်။ ကမ်းဇော်စေ့ကနေ ထုတ်ယူရတဲ့ ကမ်းဇော်ဆီကိုတော့ ဆေးဖက်ဝင်တယ်လို့ အများက လက်ခံထားကြပါတယ်။ အပင်ရဲ့ သက်တမ်း ၅ နှစ်ရောက်ပြီဆိုရင် အသီးစသီးပါတယ်။ ပုံမှန်ကတော့ ကမ်းဇော်ပင်က ၃ နှစ် တစ်ကြိမ်လောက် အသီးသီးကြပါတယ်။
အရွက်က အစိမ်းရင့်ရောင်ရှိပြီ ထိပ်ချွန်ပါတယ်။ အပွင့်က အဝါနုရောင်ပွင့်တတ်ပြီး အသီးကတော့ အစိမ်းရောင် ရှိပါတယ်။ ကမ်းဇော်ဆီ ထုတ်ယူတဲ့ အစေ့ကတော့ ခရေစေ့နဲ့ ခပ်ဆင်ဆင်တူပြီး အရွယ်အစား ပိုကြီးပါတယ်။ အညိုရင့်ရောင်ရှိပြီး ပြောချောမာကြောပါတယ်။
ကမ်းဇော်ဆီ ဆေးဖက်ဝင်ပုံ
ဆေးဖက်ဝင်တယ်လို့ သိကြတဲ့ ကမ်းဇော်ဆီမှာ အရေပြားအတွက်ရော အရိုးအဆစ်တွေအတွက်ပါ ကောင်းကျိုး အများကြီး ရှိပါတယ်။ အခြားရော ဘယ်လိုကောင်းကျိုးတွေ ရှိသေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။
အရေပြား ကျန်းမာစေတယ် – ကမ်းဇော်ဆီက ချွေးပေါက်တွေကိုလည်း မပိတ်စေဘဲ အရေပြားခြောက်သွေ့တာ၊ အဖက်လန်တာမျိုးတွေ သက်သာစေသလို အရောင်ကျစေနိုင်ပါတယ်။ နှင်းခူ၊ ဆိုရီရေးစစ်၊ ဝက်ခြံ၊ အဖုအပိမ့်တွေထွက်တာ၊ အမဲစက်တွေ ဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားကျန်းမာစေဖို့ လည်း ထောက်ကူပေးနိုင်ပါတယ်။
အဆစ်နာတာကို သက်သာစေတယ် – ကမ်းဇော်ဆီက ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာကို သက်သာစေပြီး ရောင်ရမ်းနေတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေ တင်းတာမျိုး နာတာမျိုးတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
အနာကျက်စေနိုင်တယ် – ကမ်းဇော်ဆီက အပူလောင်နာနဲ့ ထိခိုက်မိတာကြောင့် ဖြစ်တဲ့ အနာတွေကို ရောင်တာ ကိုက်ခဲနာကျင်တာမျိုးဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အနာကောင်းကောင်း ကျက်စေဖို့နဲ့ ပိုးဝင်တာမျိုး မဖြစ်စေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။
နှလုံးကျန်းမာစေတယ် – ကမ်းဇော်ဆီမှာ သွေးထဲကအဆီတွေကို ချပေးနိုင်တဲ့ oleic acid ပါဝင်နေတာကြောင့် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။
အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ် – ဝမ်းမှန်စေဖို့ထောက်ကူပေးသလို အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယား ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဝမ်းချုပ်တာ၊ စမျဉ်းခံတာနဲ့ လိပ်ခေါင်းစတဲ့ ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။
ဓာတ်တိုးဆန့်ကျင်မှုအာနိသင်ပါတယ် – ဖလေဗာနွိုက်နဲ့ ဗီတာမင် E တို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တိုးပွားစေပြီး ဓာတ်တိုပစ္စည်းတွေနဲ့ ထိတွေ့မိတာကြောင့် နာကျင်ရောင်ရမ်းတာတွေကို သက်သာစေဖို့နဲ့ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဒါတွေတင်မကသေးပါဘူး ကမ်းဇော်ဆီက ဆီးချို၊ ကင်ဆာတို့လိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာတွေအတွက်လည်း အတိုငးအတာတစ်ခုအထိ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါသေးတယ်။
တစ်ပင်လုံးဆေးဖက်ဝင်တဲ့ ကမ်းဇော်
ကမ်းဇော်ဆီကတင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။
အပွင့် – ကမ်းဇော်ပန်းကိုလည်း နှလုံးရောဂါ၊ သွေးရောဂါအမျိုးမျိုးနဲ့ ချောင်းဆိုးတာ၊ လည်ချောင်းတာတွေကို သက်သာစေဖို့ အသုံးပြုကြပါသေးတယ်။
အရွက် – အရွက်ကိုတော့ နာကျင်ကိုက်ခဲတာ၊ အပူလောင်နာနဲ့ ထိခိုက်ရှနာတာတွေကို သက်သာစေဖို့ အသုံးပြုလို့ ရပါတယ်။
အခေါက် – ပင်စည်ရဲ့ အခေါက်ကိုတော့ အရေပြားမှာဖြစ်တဲ့ ယားယံတာ၊ အရေပြားပြဿနာအမျိုးမျိုးအတွက် အသုံးပြုပေးလို့ ရပါတယ်။
ဘာတွေ သတိထားရမလဲ!
ကမ်းဇော်ဆီနဲ့ ကမ်းဇော်ပင်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အလွန်အကျွံ သုံးစွဲတာမျိုးမလုပ်မိဖို့တော့ လိုပါမယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ!
ကမ်းဇော်ဆီက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဆီးချိုရောဂါရှိသူတွေ၊ ရောဂါတစ်ခုခု ရှိတာကြောင့် ဆေးသောက်နေရသူတွေ၊ နာတာရှည် ရောဂါအခံ ရှိသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ၊ ကလေးတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ကမ်းဇော်ဆီနဲ့ ကမ်းဇော်ပင်ရဲ့ အစိတ်အပိုင်းတွေက ကျန်းမာရေးအတွက် ကောင်းကျိုး ရှိတယ်ဆိုပေမယ့် အလွန်အကျွံ သုံးစွဲတာမျိုး မလုပ်ဖို့ လိုပါမယ်။ နောက်တစ်ချက်က ဆီးချိုဆေးသောက်နေရတာမျိုးဆိုရင် ဆေးနဲ့အတူ တွဲပြီး အသုံးပြုတာမျိုး မလုပ်ဖို့လည်း အကြံပြုချင်ပါတယ်။





