ယာကွန်ဥ (Yacon) သွေးတိုးကျစေရုံပဲလား!

ယာကွန်ဥ (Yacon) သွေးတိုးကျစေရုံပဲလား!
ယာကွန်ဥ (Yacon) သွေးတိုးကျစေရုံပဲလား!

ယာကွန်ဥ လို့ ပြောလိုက်ရင် တချို့က မြေအောက်သစ်တော်သီးလို့လည်း ခေါ်ကြသလို တချို့ကလည်း မြေပန်းသီးလို့ ခေါ်ကြပါတယ်။ အခုတလော ကျန်းမာရေးလိုက်စားသူတွေကြားမှာ တော်တော်လေး နာမည်ကြီးနေတဲ့ အစားအစာတစ်ခုပါ။ ကားလမ်းဘေးဆိုင်တွေနဲ့ စျေးတွေမှာ အစီအရီ တင်ရောင်းတာကို မြင်ဖူးကြမယ် ထင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ယာကွန်ဥအကြောင်းလေး ပြောပြပေးချင်ပါတယ်။

ယာကွန်ဥ (Yacon) ဆိုတာ ဘာလဲ…

ယာကွန်ဥဆိုတာက တောင်အမေရိက ဒေသရင်း အပင်တစ်မျိုးရဲ့ ဥဖြစ်ပါတယ်။ အပြင်ပန်းကြည့်ရင် ကန်စွန်းဥနဲ့ တူပေမယ့် အခွံနွှာလိုက်ရင်တော့ အထဲမှာ အရည်ရွှမ်းပြီး အသားက ဖြူဖွေးနေတာပါ။ ဝါးစားလိုက်ရင် သစ်တော်သီးလိုမျိုး ကြွပ်ကြွပ်လေးနဲ့ အရည်ရွှမ်းပြီး ချိုသလိုလို၊ မချိုသလိုလို အရသာပေါ့ပေါ့လေး ရှိပါတယ်။ သူ့မှာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်တဲ့ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ယာကွန်ဥ (Yacon) သွေးတိုးကျစေရုံပဲလား!

ယာကွန်ဥက သွေးတိုးကို ထိန်းညှိရာမှာ အထောက်အကူဖြစ်နိုင်သလို အခုလို ကျန်းမာရေးကောင်းကျိုးလေးတွေလည်း ပေးစွမ်းနိုင်ပါတယ်။

၁။ သွေးချို ထိန်းညှိပေးတယ်

ယာကွန်ဥမှာ ပါဝင်တဲ့ FOS ဆိုတဲ့ သကြားဓာတ်တစ်မျိုးကို ခန္ဓာကိုယ်ကနေ အလွယ်တကူ စုပ်ယူနိုင်ခြင်း မရှိလို့ စားလိုက်ရင် ချိုတဲ့အရသာရှိပေမယ့် သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် တက်လာခြင်း မရှိစေပါဘူး။ ဒါကြောင့် ဆီးချိုသမားတွေအတွက် အထောက်အကူဖြစ်နိုင်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။

၂။ အစာခြေစနစ်ကို ကောင်းမွန်စေတယ်

ယာကွန်ဥမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို အားကောင်းစေတဲ့ Prebiotics အာနိသင် ရှိလို့ အစာချေစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

၃။ ကိုယ်အလေးချိန် ထိန်းပေးနိုင်တယ်

ကယ်လ်လိုရီ ပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ် များတာကြောင့် စားလိုက်ရင် ဗိုက်ပြည့်လွယ်စေပါတယ်။ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ကြာရှည်စေတဲ့အတွက် အစာစားချင်စိတ်ကို ထိန်းပေးနိုင်ပြီး ဝိတ်ကျချင်သူတွေအနေနဲ့ ရွေးချယ်စားသုံးနိုင်ပါတယ်။

၄။ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်

အကြောင်းအရင်းမှာ –

(က) သွေးတွင်း အဆီကို ထိန်းညှိရာမှာ အထောက်အကူပြုတယ်

သုတေသနအချို့အရ ယာကွန်ဥမှာ ပါဝင်တဲ့ FOS အမျှင်ဓာတ်တွေက သွေးတွင်း ကိုလက်စထရောကို ထိန်းညှိရာမှာ အထောက်အကူဖြစ်နိုင်တယ်လို့ ဆိုထားကြပါတယ်။ ဒီအချက်က နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

(ခ) သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်

ယာကွန်ဥမှာ ပိုတက်ဆီယမ်ဓာတ် ပါဝင်တာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းနိုင်ခြင်းက နှလုံးအပေါ် ဖိအားကို လျှော့ချပေးနိုင်ပါတယ်။

(ဂ) သွေးချိုကို ထိန်းညှိရာမှာ အထောက်အကူဖြစ်နိုင်တယ်

နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ “သွေးချို” ကို ထိန်းညှိရာမှာ ယာကွန်ဥက အထောက်အကူဖြစ်နိုင်ပါတယ်။

ဘာတွေ သတိထားဖို့လိုမလဲ!

ယာကွန်ဥကို လူအများစု စားသုံးလို့ ရပါတယ်။ ဒါပေမယ့် အလွန်အကျွံ စားသုံးမယ်ဆိုရင် ဗိုက်ပွတာ၊ လေထိုးတာ၊ ဝမ်းဗိုက် မအီမသာဖြစ်တာနဲ့ ဝမ်းပျက်တာမျိုးတွေ ဖြစ်စေနိုင်လို့ သင့်တော်တဲ့ အတိုင်းအတာနဲ့သာ စားသုံးသင့်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ!

ယာကွန်ဥက သဘာဝအစားအစာ ဖြစ်ပေမယ့် IBS လို အူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူတွေကတော့ သတိထားပြီး စားသုံးသင့်ပါတယ်။ ရောဂါအခံကြီးကြီးမားမား ရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးတာ အကောင်းဆုံးပါ။

Lotoshinn ရဲ့ စကားလက်ဆောင်

ယာကွန်ဥက စားလို့ကောင်းပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ မစားဖို့ လိုပါတယ်။ ဆီးချိုဆေး၊ သွေးတိုးဆေး သောက်နေရသူများအနေနဲ့ ယာကွန်ဥကို စားသုံးမယ်ဆိုရင် ဘယ်လောက်အတိုင်းအတာထိ သင့်တော်မလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။

ရေးသားသူ – Khin Bhone Shein 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *