ဆန်လုံးညိုလို့ ပြောလိုက်ရင် တချို့က ကျန်းမာရေးအတွက် စားကြသလို၊ တချို့ကလည်း ဝိတ်ချချင်လို့ စားကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ထမင်းဖြူထက် အာဟာရပိုကြွယ်ဝလို့ ကျန်းမာရေးကို အလေးထားသူတွေကြားမှာ အတော်လေး ရေပန်းစားလာတာ တွေ့ရပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆန်လုံးညိုအကြောင်းလေးကို အသေးစိတ် ပြောပြပေးချင်ပါတယ်။
ဆန်လုံးညို (Brown Rice) ဆိုတာ ဘာလဲ…
ဆန်လုံးညိုဆိုတာက စပါးကနေ အခွံ (Hull) တစ်လွှာတည်းကိုပဲ ဖယ်ရှားထားတဲ့ ဆန်အမျိုးအစား ဖြစ်ပါတယ်။ ဆန်ဖြူလိုမျိုး ဖွဲနုလွှာနဲ့ ဆန်သားအညှောက်တွေကို စက်နဲ့ ကြိတ်ဖယ်ထားခြင်း မရှိတဲ့အတွက် ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပိုမိုကျန်ရှိနေပါတယ်။ အရသာကတော့ ဆန်ဖြူထက် ပိုစိမ့်ပြီး ဝါးရတာ စေးစေးပိုင်ပိုင်လေး ရှိပါတယ်။
ဆန်လုံးညို (Brown Rice) က ဝိတ်ချဖို့အတွက်ပဲလား!
ဆန်လုံးညိုက ကိုယ်အလေးချိန် ထိန်းညှိရာမှာ အထောက်အကူဖြစ်နိုင်သလို အခြား ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။
၁။ သွေးချိုကို ထိန်းညှိရာမှာ အထောက်အကူပြုတယ်
ဆန်လုံးညိုမှာ Glycemic Index (GI) ဆန်ဖြူထက် နည်းပါးတာကြောင့် စားလိုက်တဲ့အခါ သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြန်မြန်မတက်အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် သွေးချို ထိန်းချုပ်လိုသူတွေအတွက် သင့်လျော်ပါတယ်။
၂။ အစာခြေစနစ်ကို ကောင်းမွန်စေတယ်
ဆန်လုံးညိုမှာ အမျှင်ဓာတ် ပါဝင်လို့ အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တာကို လျှော့ချပေးနိုင်ပါတယ်။ အစာခြေစနစ် အလုပ်လုပ်ပုံကို အထောက်အကူပြုပါတယ်။
၃။ ကိုယ်အလေးချိန် ထိန်းချုပ်ရာမှာ ကူညီနိုင်တယ်
ဆန်ဖြူနဲ့ ယှဉ်ရင် ဆန်လုံးညိုက ဗိုက်ပြည့်တဲ့ ခံစားချက်ကို ပိုကြာစေပါတယ်။ အစာ စားချင်စိတ်ကို ထိန်းချုပ်နိုင်လို့ ဝိတ်ချလိုသူတွေ၊ ဝိတ်ထိန်းလိုသူတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်နေတာပါ…
၄။ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်
(က) သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးနိုင်တယ်
ဆန်လုံးညိုမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက မကောင်းတဲ့ ကိုလက်စထရော (LDL) ကို လျှော့ချပေးနိုင်လို့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
(ခ) သွေးပေါင်ချိန်ကို ထိန်းညှိရာမှာ ကူညီနိုင်တယ်
မဂ္ဂနီဆီယမ်ဓာတ်လည်း ပေါကြွယ်လို့ သွေးကြောတွေကို ပြေလျော့စေပြီး သွေးပေါင်ချိန် ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။
၅။ အရိုးအဆစ်ကျန်းမာရေးကို အထောက်အကူပြုတယ်
ဆန်လုံးညိုမှာ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖရပ်ဓာတ်တွေ ပါဝင်ပြီး အရိုးသိပ်သည်းဆ ကောင်းမွန်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။
၆။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထောက်ပံ့ပေးတယ်
ဗီတာမင် B အုပ်စုနဲ့ မဂ္ဂနိစ် (Manganese) ဓာတ်တွေ ပါဝင်လို့ အာရုံကြောစနစ်ရဲ့ လုပ်ငန်းဆောင်တာတေံကို ကူညီပေးနိုင်ပါတယ်။
၇။ ကိုယ်ခံအားလုပ်ဆောင်မှုကို အထောက်အကူပြုတယ်
ဆီလီနီယမ် (Selenium) နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားစနစ် အလုပ်လုပ်ပုံကို ထောက်ပံ့ပေးနိုင်ပါတယ်။
၈။ အသားအရေနဲ့ ဆံပင်ကျန်းမာရေးကို ထောက်ပံ့ပေးတယ်
ပါဝင်တဲ့ ဗီတာမင်နဲ့ သဘာဝအာဟာရဓာတ်တွေက အသားအရေနဲ့ ဆံသားကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။
၉။ ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေကို လျှော့ချရာမှာ ကူညီနိုင်တယ်
အမျှင်ဓာတ်များသော အစားအစာတွေကို စားသုံးခြင်းက အူမကြီးကင်ဆာ အပါအဝင် ကင်ဆာအချို့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာမှုတွေအရ သိရပါတယ်။

ဘာတွေ သတိထားဖို့လိုမလဲ!
ဆန်လုံးညိုက အမျှင်ဓာတ် များလို့ အရင်က မစားဖူးတဲ့သူတွေအနေနဲ့ ရုတ်တရက် အများကြီး ပြောင်းစားမယ်ဆိုရင် ဗိုက်ကယ်တာ၊ လေပွတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပထမဆုံး ဆန်ဖြူနဲ့ နည်းနည်းစီ ရောချက်ပြီး တဖြည်းဖြည်း ချင်း စားသုံးသင့်ပါတယ်။
အကြုံပြုချက်_
(က) အချိန်မရလို့ အမြန်ချက်ချင်ရင်တောင် အနည်းဆုံး မိနစ် (၃၀) လောက်တော့ ရေစိမ်ပေးသင့်ပါတယ်။ အဲ့လိုမှ ဆန်သားက ရေကို စုပ်ယူပြီး နည်းနည်း ပွလာမှာပါ။
(ခ) ပုံမှန်အားဖြင့် ၂ နာရီကနေ ၄ နာရီလောက် စိမ်ထားရင် ဆန်သားက ရေဝပြီး ချက်လိုက်တဲ့အခါ မာတောင့်တောင့် မဖြစ်တော့ဘဲ တော်တော်လေး နူးနူးညံ့ညံ့ ဖြစ်သွားပါလိမ့်မယ်နော်…
(ဂ) မနက်ချက်မယ်ဆို ညကတည်းက ရေဆေးပြီး စိမ်ထားတာ အကောင်းဆုံးပါပဲ။ (၆) နာရီလောက်ကြာကြာ ရေစိမ်ပြီးမှ ချက်မယ်ဆို ထမင်းသားက ဆန်ဖြူနီးပါး နူးညံ့သွားသလို၊ ဆန်လုံးညိုမှာပါတဲ့ Phytic acid (သတ္တုဓာတ်စုပ်ယူမှုကို တားဆီးတဲ့ဓာတ်) တွေကိုလည်း လျော့နည်းသွားစေလို့ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။
(ဃ) ပုံမှန်အားဖြင့် ဆန်လုံးညို (၁) ခွက် ကို ရေ (၂) ခွက် ဒါမှမဟုတ် (၂) ခွက်ခွဲ ထည့်ချက်ရပါတယ်။
တကယ်လို့ ရေကို (၄) နာရီနဲ့အထက် ကြာကြာစိမ်ထားတယ်ဆိုရင်တော့ ဆန်က ရေဝပြီးသားဖြစ်လို့ ချက်တဲ့အခါ ရေကို နည်းနည်း (၂ ခွက် လောက်ပဲ) လျှော့ထည့်ရင် ပိုအဆင်ပြေပါတယ်။
ဘယ်သူတွေ သတိထားစားသုံးသင့်လဲ!
ကျောက်ကပ်မကောင်းလို့ Phosphorus နဲ့ Potassium ပမာဏ ကန့်သတ်ထားရသူတွေကတော့ ဆန်လုံးညိုမှာ သတ္တုဓာတ် ပါဝင်မှု များလို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။ အစာအိမ်လမ်းကြောင်း အလွန်အမင်း အားနည်းသူတွေကလည်း သတိထားသင့်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဆန်လုံးညိုက ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ထမင်းဖြူနေရာမှာ ဆန်လုံးညိုကို သင့်တင့်တဲ့ ပမာဏနဲ့ အစားထိုးစားသုံးပြီးတော့လည်း ကျန်းမာတဲ့ Lifestyle ကို တည်ဆောက်ယူနိုင်ပါတယ်။ အစာကြေ လွယ်စေဖို့တော့ ရေများများ သောက်ပေးရပါမယ်နော်…
ရေးသားသူ – Khin Bhone Shein





