Productive ဖြစ်တဲ့ တစ်ပတ်တာဖြစ်စေဖို့

Productive ဖြစ်တဲ့ တစ်ပတ်တာဖြစ်စေဖို့
Productive ဖြစ်တဲ့ တစ်ပတ်တာဖြစ်စေဖို့

တစ်ပတ်တာတိုင်းမှာ တနင်္ဂနွေနေ့ နေ့ခင်းပိုင်းလောက်ရောက်လာပြီဆိုရင်ကို စိတ်ထဲနေရမကောင်းသလိုလို ဖြစ်လာတာ မင်မင်တစ်ယောက်တည်းတော့ မဟုတ်လောက်ဘူး ထင်တယ်နော်။ တနင်္လာနေ့ရောက်လာမှာကို မကြိုက်သလိုလို ခံစားရတာကို ၉-၅ တစ်ပတ် (၅) ရက် အလုပ်လုပ်ရသူတိုင်း ခံစားဖူးကြမှာပါ။ ဒီလိုနဲ့ တနင်္လာနေ့ ရုံးရောက်ပြီး အလုပ်မပြီးဘဲအိမ်ပြန်လာရင်း တစ်ပတ်လုံး အလုပ်မပြီးတဲ့ တစ်ပတ်တာဖြစ်တာမျိုး မဖြစ်စေဘဲ အလုပ်တွေပြီးတဲ့ Productive ဖြစ်တဲ့ တစ်ပတ်တာလေး ဖြစ်စေဖို့ ဘယ်အချက်လေးတွေကို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးသွားမယ်နော်။

Productive ဖြစ်တဲ့ တစ်ပတ်တာဖြစ်စေဖို့ 

ရုံးဖွင့်ရက်တွေဖြစ်တဲ့ တနင်္လာကနေ သောကြာနေ့အထိမှာ အလုပ်တွေကို အောင်မြင်ပြီးစီးစွာ လုပ်ဆောင်နိုင်ပြီး Productive ဖြစ်တဲ့ တစ်ပတ်တာ ဖြစ်စေဖို့ဆိုရင် နေ့ရက်တိုင်းက အရေးကြီးပါတယ်။ 

  • ပိတ်ရက်ကို ပြည့်ပြည့်ဝဝ နားပါ

ပိတ်ရက်မှ သွားချင်တဲ့နေရာလေးတွေကို သွားရတာဆိုပေမယ့် ပိတ်ရက် ၂ ရက်ရတာမျိုးဆိုရင် စနေနေ့မှာ သွားစရာလာစရာတွေ ဝယ်ချင်လိုချင်တာတွေကို အချိန်ပေးပြီး ပိတ်ရက်ရဲ့ ဒုတိယနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့ကို ပြည့်ပြည့်ဝဝနားရင်း စိတ်ရောကိုယ်ပါ အနားပေးပါ။ ပိတ်ရက်က တစ်ရက်တည်းဖြစ်နေမယ်ဆိုရင်တော့ မနက်ပိုင်းမှာ သွားလာမှုတွေ အပြီးလုပ်ပြီး ၄ နာရီနောက်ပိုင်းမှာ ပြည့်ပြည့်ဝဝလေး နားပါ။

  • ကြိုတင်ပြင်ဆင်မှု ရှိပါစေ

ပိတ်ရက်မှာ နားပါဆိုပေမယ့် တနင်္ဂနွေနေ့ ညနေပိုင်းလောက်မှာ နားရင်းနေရင်းနဲ့ပဲ တစ်ပတ်တာရဲ့ ဘယ်နေ့မှာ ဘာတွေလုပ်မယ်ဆိုတာမျိုးကို ချမရေးဖြစ်ရင်တောင် ဦးနှောက်ထဲမှာ အစီအစဉ်လေးတွေ ချပေးထားပါ။ ဒီလို ချမှတ်ရမှာ ဝေဝါးမှုကင်းပြီး ပြတ်သားတဲ့ Plan ကို ချမှတ်ဖို့ လိုပါမယ်။ ပိတ်ရက်က တစ်ရက်ပဲဖြစ်မယ် ဆိုရင်တော့ အိပ်ရာမဝင်ခင် ၂ နာရီအလိုလောက်မှာ Plan ချပေးပါ။

  • စောစော အိပ်ရာဝင်ပါ

ရုံးတက်မယ့်နေ့မှာ ဦးနှောက်ကြည်ကြည်လင်လင်နဲ့ အလုပ်တွေကို ကောင်းကောင်း လုပ်မိစေဖို့အတွက် ညဘက်မှာ အရမ်းနောက်ကျမှ အိပ်ရာဝင်တာမျိုး မလုပ်ဘဲ အိပ်ရာကို စောစောလေး ဝင်ဖို့လည်း လိုပါမယ်။

  • ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

ကိုယ်ပိုင်အချိန်လေး ပေးပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။ လူတိုင်းဟာ အလုပ်တွေပြီးအောင် လုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ သေချာလေး ကျန်းမာရဲ့လားဆိုတာကိုလည်း သေချာလေး ဂရုစိုက်ဖို့ မမေ့ပါနဲ့။

  • ပန်းတိုင်သေးသေးလေးတွေ ချမှတ်ထားပါ

တစ်ပတ်တာမှာ ဘယ်အလုပ်တွေကို ဘယ်နေ့မှာ ပြီးအောင်လုပ်မယ် စသဖြင့် ကိုယ်တကယ်လုပ်နိုင်မှာ သေချာတဲ့ ပန်းတိုင်သေးသေးလေးတွေကို ချမှတ်ဖို့ လိုပါမယ်။ ဒီလို ချမှတ်ထားပြီး အောင်မြင်အောင် လုပ်ဆောင်လိုက်နိုင်ခြင်းကလည်း ရုံးတက်ရပျင်းတာမျိုး Productive မဖြစ်တဲ့ တစ်ပတ်တာနဲ့ ပြီးသွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။

  • အလုပ်တွေကို အဆင့်တွေသတ်မှတ်ပါ

တစ်ပတ်တာမှာ မဖြစ်မနေလုပ်ရမယ့် အလုပ်တွေ၊ မလုပ်လည်းဖြစ်တယ်ဆိုတဲ့ အလုပ်တွေကို သေချာလေး ခွဲခြားထားဖို့လည်း လိုပါမယ်။ ဒါမှ မဖြစ်မနေ ပြီးရမယ့် အလုပ်တွေကို ပြီးအောင် လုပ်ဖြစ်မှာပါ။

  • အလုပ်အများကြီးကို တပြိုင်တည်း မလုပ်ပါနဲ့

အလုပ်တွေကို တပြိုင်နက်လုပ်တာက အချိန်ကုန်သက်သာတယ်ဆိုပေမယ့် တိတိကျကျ အာရုံစိုက်နိုင်စွမ်း ကို‌တော့ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်အများကြီးကို တပြိုင်တည်း လုပ်တာမျိုး မလုပ်ပါနဲ့။ တစ်ခုပြီးမှာ တစ်ခု လုပ်ပါ။

  • မတည့်တာတွေ မစားပါနဲ့

ပိတ်ရက်ဆိုပြီး မတည့်တာတွေကိုစားလိုက်တာက ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ ဖြစ်စေပြီး ဖျားနာမှုတွေဖြစ်မယ်။ မကျန်းမမာဖြစ်မယ်ဆိုရင် တစ်ပတ်တာမှာ အလုပ်တွေကို အာရုံစိုက် လုပ်ဆောင်ဖို့ ခက်လာပါမယ်။ ဒီလိုကနေ Productive ဖြစ်မှုကို ထိခိုက်စေနိုင်ပါတယ်။ 

  • ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပါ 

ပိတ်ရက်မှာ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ပိတ်ရက်တွေရဲ့ မနက်ခင်းမှာ နေရောင်ခြည်နုနုလေးကို ခံယူရင်း ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို လုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

Productive ဖြစ်တာက တစ်ပတ်ချင်းစီကနေ အောင်မြင်တဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ထောက်ကူပေးနိုင်တာကြောင့် တစ်ပတ်တာကို ပြန်ကြည့်လိုက်တိုင်းမှာ Productive ဖြစ်တဲ့ တစ်ပတ်တာဖြစ်စေဖို့အတွက် အခုပြောခဲ့တဲ့ အချက်လေးတွေကို လုပ်ဆောင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *