သားဆက်ခြားနည်းတွေက ဝစေမှာလား! ဆိုတော့
ဟော်မုန်းအမျိုးအစား တစ်ခုမကပါဝင်နေတဲ့ သားဆက်ခြားနည်းတွေက ဝစေတယ်လို့ အထောက်အထား မတွေ့ရှိခဲ့ပါဘူး။ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေကတော့ ကိုယ်အလေးချိန်တက်တာကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
သားဆက်ခြားနည်းတွေကို အသုံးပြုတဲ့အခါ လေဒီလေးတိုင်း စိုးရိမ်တတ်တဲ့ အကြောင်းအရာ တစ်ခုရှိပါတယ်။ ဒါကတော့ သားဆက်ခြားနည်းတွေက ဝစေမှာလား ဆိုတာပါ။ ဒီအကြောင်းအရာလေးကို ဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။
သားဆက်ခြားနည်းတွေက ဝစေမှာလား!
အခုနောက်ပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ သားဆက်ခြားနည်းလမ်းတွေက သိသိသာသာ ကိုယ်အလေးချိန် တက်စေတာ မျိုး မဖြစ်စေပါဘူး။ ဒါပေမယ့် အချို့တွေမှာတော့ တားဆေးတွေ သောက်ပြီးခါစနဲ့ ထိုးပြီးခါစတွေမှာ ယာယီအားဖြင့် အစားစားချင်စိတ် တိုးစေပြီး ကိုယ်အလေးချိန်တက်လာတာ၊ ယာယီအားဖြင့် ရေတွေစုပြီး ရေဝိတ်တက်လာတာတွေကြောင့် ခဏမျှဝတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဝစေရတဲ့ အဓိက အကြောင်းရင်းခံ တစ်ခုကတော့ ဟော်မုန်းတွေကြောင့် ဖြစ်ရတာပါ။
ဟော်မုန်းအမျိုးအစား တစ်ခုမကပါဝင်နေတဲ့ သားဆက်ခြားနည်းတွေက ဝစေတယ်လို့ အထောက်အထား မတွေ့ရှိခဲ့ပါဘူး။ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေကတော့ ကိုယ်အလေးချိန်တက်တာကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
လေ့လာမှုတွေအရ သိရတာက တော်တော်များများသော သားဆက်ခြားသောက်ဆေးတွေ၊ ကပ်ခွာနဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းတွေ (IUD) တွေက ကိုယ်အလေးချိန်ကို သိသိသာသာ ပြောင်းလဲစေတာ မျိုး မဖြစ်နိုင်ပါဘူး။
ကိုယ်အလေးချိန်တက်စေနိုင်တဲ့ နောက်ထပ်အကြောင်းအရင်းတွေကတော့ နေထိုင်စားသောက်မှုပုံစံတွေ၊ အသက်အရွယ်အပိုင်းအခြားနဲ့ အချို့သော သားဆက်ခြားသောက်ဆေးတွေမှာ ပါဝင်နေတဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေကြောင့် ကိုယ်တွင်းမှာ အရည်တွေစုပြီး ရေဝိတ်တက်လာသလိုမျိုး ဖြစ်ရတာပါ။
သားဆက်ခြားနည်းတိုင်းက မဝစေတာတော့ မဟုတ်ပါဘူး။ Depo လို့သိကြတဲ့ Depo-Provera ကတော့ အခြား သားဆက်ခြားနည်းတွေနဲ့ မတူကွဲပြားမှု ရှိပါတယ်။ ၃ လခံထိုးဆေးဖြစ်တဲ့ Depo ကတော့ ဟော်မုန်းပါတဲ့ ထိုးဆေး ဖြစ်တာကြောင့် ပရိုဂျက်စတုန်း ပါဝင်မှုများတဲ့ ထိုးဆေးက အစားစားချင်စိတ်ကို တိုးစေပြီး ကိုယ်အလေးချိန်တက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။

သားဆက်ခြားနည်းတွေက ဘာလို့ ဝစေတယ်လို့ တွေးကြတာလဲ!
သားဆက်ခြားနည်းတွေက ဝစေတယ်လို့ လေဒီလေးတော်တော်များများ ယူဆမိကြတဲ့ အကြောင်းရင်းခံတွေက ဒါတွေကြောင့်ပါ။
- ရေဝိတ်တက်တာ – တားဆေးမှာပါတဲ့ အီစထရိုဂျင်ဟော်မုန်းတွေက ယာယီရေဝိတ်တက်တာကို ဖြစ်စေတာ၊ လေပွတာတွေကို ဖြစ်စေတာကြောင့် ဆေးစအသုံးပြုတဲ့ အစောပိုင်းလတွေမှာ ကိုယ်အလေးချိန် တက်သလို ခံစားရတာပါ။
- အစားစားချင်စိတ်တိုးစေတာ – တားဆေးမှာပါတဲ့ ပရိုဂျက်စတုန်းက စားချင်စိတ် ပိုများစေပြီး ကယ်လ်လိုရီတွေကို ပိုစားမိတာမျိုးတွေကြောင့်လည်း ဝိတ်တက်စေနိုင်ပါတယ်။ ဒါကလူတိုင်းမှာတော့ မဟုတ်ပါဘူး။
- အသက်အရွယ် – သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုကြတဲ့ လေဒီအများစုက သက်လတ်ပိုင်းတွေ ဖြစ်ကြတာကြောင့်လည်း ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် ကြီးမားပြောင်းလဲတဲ့ အပိုင်းအခြားကာလမှာ ဟော်မုန်းပါတဲ့ ဆေးဝါးတွေ အသုံးပြုကြတာကြောင့်လည်း ကိုယ်အလေးချိန်တက်လာတာပါ။
- ဘဝနေထိုင်မှုပုံစံ – နေ့စဉ်နေထိုင်စားသောက်မှုပုံစံ၊ စိတ်ဖိစီးမှု အတိုင်းအတာ၊ ဇီဝကမ္မပြောင်းလဲမှု၊ အိပ်စက်မှုနဲ့ နေ့စဉ်အထိုင်များတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာတွေကြောင့်လည်း တားဆေးမှာပါတဲ့ ဟော်မုန်းပြောင်းလဲမှုတွေဖြစ်ချိန်မှာ ကိုယ်အလေးချိန်တက်လာတာကို ခံစားရတာပါ။
သားဆက်ခြားနည်းတွေကြောင့် ဝမလာစေဖို့ ဘာလုပ်ကြမလဲ!
သားဆက်ခြားနည်းတွေကြောင့် ဝမလာစေဖို့ဆိုရင် သားဆက်ခြားနည်းလမ်း တစ်ရပ်ရပ်ကို အသုံးပြုပြီးချိန်မှာ အခုပြောပြမယ့် အချက်လေးတွေကို ဂရုစိုက်ပေးဖို့ အကြံပြုချင်ပါတယ်။
- စားသောက်မှုပုံစံကို ဂရုစိုက်ပါ – ကိုယ်တိုင်ရဲ့ စားသောက်မှုပုံစံမှာ ဘာတွေ ပြောင်းလဲလာသလဲ။ ဘာတွေကို ပိုစားဖြစ်လာလဲ။ အမြဲလိုလို ဗိုက်ဆာတာကို ခံစားနေရလားဆိုတာကို သေချာလေး စောင့်ကြည့်ပေးတာမျိုး လုပ်ပါ။ အစင့်စား၊ အမြန်စား၊ ဆီကြော်စာတွေ လျှော့ပြီး အသီးအရွက်၊ အသား၊ ငါးစတာတွေကို အဓိကစားပေးပါ။
- ကျန်းမာအောင်နေပါ – နေ့စဉ်တိုင်းမှာ ရေလုံလောက်အောင် သောက်ပါ။ အာဟာရပြည့်ဝမျှတအောင် စားပါ။ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမှုဖြေလျှော့ပါ။ ဒီလိုလုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး သားဆက်ခြားနည်းတွေကြောင့် ကိုယ်အလေးချိန်တက်လာတာကို လျှော့ချနိုင်မှာပါ။
- ဆရာဝန်နဲ့တိုင်ပင်ပါ– သားဆက်ခြားနည်းလမ်းတွေကြောင့် ဝလာတာ၊ အသားအရေ ပြောင်းလဲတာ လိုမျိုး အခြေအနေတွေကို မခံစားရစေဖို့ သားဆက်ခြားမှုကို မလုပ်ဆောင်ခင်မှာ ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းကို ဆရာဝန် ဒါမှမဟုတ် တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီးမှ သေချာလေး ရွေးချယ်ပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပုံဖော်ဖန်တီးရာမှာ အရေးကြီးလှတဲ့ အချက်လေးတစ်ခုဖြစ်တဲ့ ကောင်းမွန်တဲ့ Family Planningကို ချမှတ်ရာမှာ အမှားအယွင်းမရှိစေဖို့ ဆိုရင် မှန်ကန်တဲ့ သားဆက်ခြား နည်းကို ရွေးချယ်မိဖို့က အရေးကြီးလှပါတယ်။ ဒါကြောင့် ကိုယ်တိုင်မှာ ဝလာတာ၊ ပိန်သွားတာ လိုမျိုး အလှပျက်စေမယ့် ဘေးထွက်အခြေအနေလေးတွေကို မခံစားရစေဖို့ သားဆက်ခြားနည်းတစ်ရပ်ရပ်ကို မခံယူခင်မှာ သေချာလေး တတ်သိနားလည်သူနဲ့ ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုလိုက်ပါရစေ။




