ကိုယ်ဝန်ရှိနေပြီလား!

ကိုယ်ဝန်ရှိနေပြီလား!
ကိုယ်ဝန်ရှိနေပြီလား!

ကိုယ်ဝန်ရှိနေပြီလား! ကိုယ်ဝန်ရှိနေပြီဆိုရင် တော်တော်များများ တွေးမိတာက ရာသီသွေးပျောက်သွားတယ်လို့ပဲပေါ့။ တကယ်တော့ ကိုယ်ဝန်ရှိနေပြီဆိုရင် ရာသီသွေးပျောက်တာ အပါအဝင် အခြားသော လက္ခဏာတွေကိုလည်း ခံစားရနိုင် ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ရှိနေပြီဆိုရင် ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲ ဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ရှိနေပြီလား!

ကိုယ်ဝန်ရှိနေပြီဆိုရင်တော့ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • ရာသီသွေး ပျောက်တာ

ကိုယ်ဝန်ရှိနေပြီဆိုရင် ရာသီသွေး မပေါ်တော့ဘဲ ပျောက်သွားနိုင်ပါတယ်။ ရာသီသွေးဆင်းရမယ့် ရက်ထက် တစ်ပတ် ဒါမှမဟုတ် တစ်ပတ်ထက်ပိုပြီး နောက်ကျတာမျိုး ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ ရာသီသွေး ပျောက်ဆုံးနေတာက ကိုယ်ဝန်ကြောင့် ဖြစ်နိုင်သလို အခြားသော ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီသွေး ပျောက်ဆုံးတာက ကိုယ်ဝန်ကြောင့်လို့ ယူဆမိမယ်ဆိုရင် ကိုယ်ဝန် စစ်ဆေးမှုလေး လုပ်ဆောင်ကြည့်ဖို့ လိုပါမယ်။ 

  • သွေးခပ်စစ ဆင်းတာ

ကိုယ်ဝန်ရှိနေပြီဆိုရင် ရာသီသွေး အနည်းငယ် ဆင်းတာမျိုး ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်စရှိပြီး ရက်သတ္တပတ် (၂) ပတ်အကြာမှာ ရာသီသွေးဆင်းတာမျိုး ခံစားရနိုင်ပါတယ်။ သန္ဓေအောင်ပြီး ရက်သတ္တပတ် (၂) ပတ်အကြာမှာ ရာသီသွေးဆင်းသလို သွေးအနည်းငယ်ဆင်းတာကို ခံစားရနိုင်ပါတယ်။ ဒါက ကိုယ်ဝန်ရှိသူတိုင်းမှာ ဖြစ်တတ် တာမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ သွေးဆင်းတာက အမြဲလိုလို ဖြစ်နေမယ်။ သွေးဆင်းများမယ် ဆိုရင်တော့ အမြန်ဆုံး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။

  • ရင်သားပြောင်းလဲတာ

ရင်သားမှာ ပြောင်းလဲမှုတွေ ဖြစ်လာတာ၊ ရင်သားတင်းတာမျိုး ခံစားရမယ်ဆိုရင်လည်း ဒါက ကိုယ်ဝန်ရှိနေတာရဲ့ လက္ခဏာ တစ်ခု ဖြစ်နေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၄ ပတ် ကနေ ၆ ပတ်အတွင်းမှာ ရင်သားပြောင်းလဲ မှုတွေ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်တာကြောင့် ရင်သားမှာ တင်းတာ၊ ရောင်တာ၊ အထိမခံနိုင်အောင် နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ရင်သားထိပ်တဝိုက် အရောင်ပိုရင့်တာ၊ ရင်သားထိပ်က ကျယ်ဝန်းလာတာမျိုး ခံစားရနိုင်ပါတယ်။

  • Morning sickness 

ကိုယ်ဝန်ဆောင်ချိန်မှာ မအီမသာဖြစ်တာ၊ ပျို့အန်ချင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါက ကိုယ်ဝန်ဆောင် ကာလ ရက်သတ္တပတ် (၄) ပတ် ကနေ (၆) ပတ်အတွင်းမှာ စတင်ခံစားရနိုင်ပါတယ်။ Morning sickness က တစ်နေ့တာရဲ့ ဘယ်အချိန်မှာမဆို ဖြစ်နိုင်သလို အော့အန်တာမျိုး မရှိဘဲ မအီမသာဖြစ်တာမျိုးလည်း ခံစားရနိုင် ပါတယ်။ အချို့တွေမှာဆိုရင် လုံးဝ မဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဒီလို ခံစားရတာက ပြင်းထန် လာမယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာလေး ပြသဖို့ လိုပါမယ်။ 

ကိုယ်ဝန်ရှိနေပြီလား!
ကိုယ်ဝန်ရှိနေပြီလား!
  • ဆီးသွားများမယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းမှာ သွေးပမာဏ ပိုများလာတာကြောင့် side effect တွေ အများကြီး ခံစားရနိုင်ပါတယ်။ အဖြစ်များတာက ဆီးသွားများတာပါ။ အကြောင်းကတော့ ကျောက်ကပ်တွေက ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေကို စစ်ထုတ်ရတာကြောင့်ပါ။ ဒီအခြေအနေကပဲ ဆီးအိတ်ထဲမှာ အရည်တွေ အများကြီး ဖြစ်စေတာပါ။ 

  • ခြေကုန်လက်ပမ်းကျတာ

ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်တွင်းမှာ ပရိုဂျက်စတုန်းဟော်မုန်းပမာဏ မြင့်တက်လာတာကြောင့် ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်သလို အချိန်ကြာမြင့်စွာ ပင်ပန်းမှုကို ခံစားနေရတာပါ။ ခြေကုန်လက်ပမ်း ကျတာက ကိုယ်ဝန်ဆောင်ကာလ ပထမ ၃ လပတ်မှာ ခံစားရနိုင်ပြီး ဒါက အဖြစ်များတဲ့ ကိုယ်ဝန်ဆောင် အစောပိုင်းလက္ခဏာတွေထဲက တစ်ခုပါ။ 

  • စိတ်အတက်အကျ မြန်တာ

ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်တွင်းမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်း ထုတ်လွှတ်မှု များတာ‌ကြောင့် ပုံမှန်ထက် စိတ်ခံစားမှု အတက်အကျမြန်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ထိခိုက်လွယ်တာ၊ အငိုလွယ်တာ၊ ပုံမှန်ထက် စိတ်အတက်အကျမြန်တာကို ခံစားရနိုင်ပါတယ်။ စိတ်အတက်အကျ မြန်တာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ 

  • စားသောက်မှုပုံစံ ပြောင်းလာတာ

ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့ခံအာရုံတွေ အရသာခံစားမှုနဲ့ အစားအသောက်အကြိုက်တွေ ပြောင်းလဲလာပါတယ်။ အနံ့သိရှိမှု ပိုကောင်းလာသလို အစားအသောက် ခံတွင်းလိုက်မှုက သိသိသာသာ ပြောင်းလဲလာပါတယ်။ ဟော်မုန်း ပြောင်းလဲမှုကြောင့် အစားအသောက်ပုံစံ ပြောင်းလဲလာတာပါ။ 

  • ဗိုက်အောင့်တာ၊ လေပွတာ

ကိုယ်ဝန်ဆောင်ချိန်မှာ ရာသီလာချိန်မှာ ခံစားရသလို ဗိုက်အောင့်တာ၊ လေပွတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်တာကို ခပ်ပျော့ပျော့ခံစားရသလို သွေးနည်းနည်းဆင်းတာကိုလည်း ခံစားရနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် အစာခြေစနစ်မှာ ပြောင်းလဲမှုတွေ ဖြစ်ပြီး လေပွတာ၊ ဝမ်းချုပ်တာတွေကို ခံစားရနိုင်ပါတယ်။ တကယ်လို့ ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာမျိုး ဖြစ်မယ်ဆိုရင်တော့ အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။

  • ခေါင်းကိုက်တာ၊ ခါးနာတာ

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာ ဒါမှမဟုတ် ခေါင်းကိုက်တာတွေကို ခံစားရနိုင်ပါတယ်။ ဒါကလည်း ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလပတ်မှာ ခံစားရနိုင်တဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ သွေးစီးဆင်းမှု ပြောင်းလဲတာက ခေါင်းကိုက်တာ၊ ခါးနာတာအပြင် နှာခေါင်းပိတ်တာ၊ sinus ရောင်တာမျိုးတွေကို ခံစားရနိုင် ပါတယ်။ 

  • ရင်ပူတာ

ကိုယ်ဝန်ရှိနေပြီဆိုရင် အစာမကြေတာကို ခံစားရနိုင်သလို ရင်ပူတာမျိုးကိုလည်း ခံစားရနိုင်ပါသေးတယ်။ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းပြောင်းလဲမှုကြောင့် အစာခြေစနစ်ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရတာပါ။ 

  • နှလုံးခုန်နှုန်းမြန်တာ

နှလုံးခုန်နှုန်းမြန်တာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ လက္ခဏာ တစ်ခုပါ။ ဒါကြောင့် ပုံမှန်ထက် နှလုံးခုန် မြန်နေတာမျိုး ခံစားရမယ်၊ ရာသီသွေးပျောက်နေတာမျိုး ဖြစ်မယ်ဆိုရင်လည်း ကိုယ်ဝန်စစ်ဆေးမှု လုပ်ဆောင်ဖို့ လိုပါမယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ရာသီသွေးပျောက်တာ၊ ရင်သားတွေတင်းပြီးနာတာ၊ ခြေကုန် လက်ပမ်းကျတာ၊ ဆီးခဏခဏ သွားတာတွေကို ခံစားရနိုင်သလို မအီမသာဖြစ်တာ၊ အော့အန်တာမျိုးကို ခံစားရနိုင်ပါတယ်။ နောက်ထပ် အချက်တွေ အနေနဲ့ကတော့ အနံ့ခံအာရုံ ပြောင်းလဲတာ၊ ဗိုက်အောင့်တာ၊ သွေးနည်းနည်း ဆင်းတာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *