ကိုးလလွယ် ဆယ်လဖွားချိန်မှာ ဘေဘီလေး ကျန်းမာစေဖို့အတွက် မေမေတွေမှာ အစစ အရာရာ ဂရုစိုက်ရတာပါ။ ဒီလိုဂရုစိုက်မှုတွေကို သေချာလေး လိုက်နာမိမှာပဲ မွေးဖွားချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာသန်စွမ်းမှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှတော့ ဘေဘီလေးကို မွေးဖွားချိန်မှာ ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာမှာ ဘယ်အရာက ဘေဘီလေးကို ပိုကျန်းမာစေမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။
ဘေဘီလေးကို ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာ ဘယ်အရာက ပိုကျန်းမာစေမလဲ!
ဘေဘီလေး တစ်ယောက်ကို ကိုယ်ဝန်ဆောင်ထားပြီဆိုရင် မေမေတစ်ယောက်အနေနဲ့ မွေးဖွားဖို့ နည်းလမ်း အနေနဲ့ ရွေးချယ်စရာ နည်းလမ်း နှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ ရိုးရိုး သမာရိုးကျ မွေးနည်းအတိုင်း မွေးတာပါ။ နောက်တစ်နည်းကတော့ ခွဲမွေးတာပေါ့။ ဒီလိုမွေးဖွားမှု နည်းလမ်းတိုင်းမှာ မေမေနဲ့ ဘေဘီလေး အတွက် ကောင်းကျိုးလေးတွေနဲ့ သတိထားရမယ့် အကြောင်းအရင်းလေးတွေ ရှိပါတယ်။ ဒါကြောင့် တစ်ခုချင်းစီရဲ့ ကောင်းကျိုးနဲ့ သတိထားရမယ့် အချက်လေးတွေကို ဆက်ပြီး ဝေမျှပေးချင်ပါတယ်။
ရိုးရိုးမွေးဖွားခြင်းအကြောင်း သိကောင်းစရာ
မေမေတစ်ယောက်အတွက် ကောင်းကျိုးလေးတွေ
ဘေဘီလေးကို ရိုးရိုးမွေးဖွားတာက မေမေတစ်ယောက်အတွက်ဆိုရင် မီးဖွားပြီးချိန်မှာ နာကျင်မှုကို ခံစားရတာ နည်းပါးပြီး ဆေးရုံမှာလည်း ခဏတာလောက်ပဲ နေရပါတယ်။ မီးဖွားပြီး တစ်ရက်၊ နှစ်ရက်အတွင်းမှာတင် ဆေးရုံကနေဆင်းပြီး အိမ်ကို ပြန်နိုင်မှာဖြစ်ပါတယ်။
ရိုးရိုးမွေးတာက နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေ နည်းပါးသလို ခန္ဓာကိုယ်မှာ ပြန်လည်ကျန်းမာလာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ရိုးရိုးမီးဖွားချိန်မှာ အောက်ဆီတိုစင်ဟော်မုန်းက သားအိမ်ကျုံ့ဆန့်မှုဖြစ်စေဖို့အတွက် လှုံ့ဆော်ပေးပြီး တပြိုင်နက်တည်းမှာပဲ နာကျင်မှုကို သက်သာစေဖို့အတွက် endorphins ဟော်မုန်းကို ထွက်ရှိစေဖို့ လုပ်ဆောင်ပေးခဲ့ပါတယ်။
ဘေဘီလေးအတွက် ကောင်းကျိုးလေးတွေ
ရိုးရိုးမီးဖွားတာက ဘေဘီလေးမှာ မွေးလမ်းကြောင်းတစ်လျှောက်တိုးထွက်ခဲ့စဉ်က အကျိုးပြု ဘက်တီးရီးယားလေးတွေနဲ့ ထိတွေ့ စေပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဘေဘီလေးက မွေးလမ်းကြောင်းတစ်လျှောက်ကို တိုးထွက်လာစဉ်မှာ ပါးစပ်နဲ့နှာခေါင်းက အကျိုးပြုဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေတဲ့ ရေမြွှာရည်တွေကို ထိတွေ့မိခဲ့တာကြောင့် အစာခြေစနစ်ထဲကို အကျိုးပြုဘက်တီးရီးယား အများအပြား ရောက်ရှိစေပြီး အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အစာခြေစနစ်ထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးသလို အရေပြားကို ကျန်းမာစေပြီး ခန္ဓာကိုယ်ပြင်ပမှာ အကျိုးပြု ဘက်တီးရီးယားတွေကြောင့် ထိခိုက်မှု ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ရိုးရိုးမီးဖွားခံရတဲ့ ဘေဘီလေးတွေမှာ အစားဓာတ်မတည့်တာနဲ့ ပန်းနာရင်ကျပ်လိုမျိုး ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို အရွယ်ရောက်လာချိန်မှာလည်း lactose intolerant (နို့သကြားဓာတ်မတည့်မှု) ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလို ကိုယ်ခံအားက ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။
ဘေဘီလေးကို ရိုးရိုးမွေးဖွားတာက အသက်ရှူလမ်းကြောင်းကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလို အဆုတ်အပါအဝင် အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ခွဲမွေးခြင်းအကြောင်း သိကောင်းစရာ
မေမေတို့အတွက် ကောင်းကျိုးလေးတွေ
ခွဲစိတ်မှုတစ်ခုလို့ ဆိုရမယ့် ခွဲမွေးတာက ပုံမှန်အတိုင်းတော့ မလိုအပ်ပေမယ့် အချို့သော အခြေအနေတွေမှာ တော့ ဘေဘီလေးကို ခွဲမွေးဖို့ လိုအပ်တာမျိုး ရှိနိုင်ပါတယ်။ ပုံမှန်ကတော့ ခွဲမွေးတာက ဖြစ်ခဲပါတယ်။
ဘေဘီလေးကို ခွဲမွေးတာက ဘေဘီလေးအတွက်ရော မေမေအတွက်ပါ ကောင်းကျိုးလေးတွေ ရှိပါတယ်။ ခွဲမွေးတာက မေမေကို မွေးရတာ သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။
- မီးဖွားချိန်မှာ နာကျင်မှု ခံစားရတာကို လျော့ပါးစေတယ်။
- မိန်းမကိုယ်မှာ မီးဖွားမှုကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်တယ်။
- ဆီးအိမ်ရဲ့ ထိန်းချုပ်နိုင်စွမ်း လျှော့ပါးနိုင်ခြေကို လျှော့ချပေးတယ်။
ခွဲမွေးတာကြောင့်
- ကိုယ်လက်နှီးနှောချိန်မှာ နာကျင်တာ
- စိတ်ဓာတ်ကျတာ
- ဝမ်းသွားတဲ့အလေ့အထ ပြောင်းလဲလာတာ
- ဘေဘီလေးကို မိခင်နို့တိုက်ကျွေးရာမှာ အခက်အခဲရှိတာမျိုးတွေလည်း မရှိပါဘူး။
ဘာတွေထိခိုက်နိုင်လဲ!
ဖြစ်နိုင်ခြေရှိတဲ့ ထိခိုက်မှုတွေကတော့ –
- ဆီးပိုးဝင်တာ
- သားအိမ်ပိုးဝင်တာ
- ချုပ်ရိုးပိုးဝင်တာ
- ဆေးရုံမှာ ရက်ရှည်နေရတာ
- မီးဖွားပြီးချိန်မှာ ပြန်လည်ကျန်းမာစေဖို့အတွက် အချိန်ပေးရတာ
- ပြင်းထန်တဲ့ အခြေအနေမျိုးမှာဆိုရင်တော့ သွေးဆုံးရှုံးမှု များတာ
- သွေးခဲတာမျိုးတွေ ခံစားရတာ
- ဆီးအိမ်နဲ့ ကိုယ်တွင်းအင်္ဂါမှာ ထိခို်ကမှုတွေ ရှိတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
ဘေဘီလေးတွေအတွက်ဆိုရင်လည်း ခွဲမွေးတာကြောင့် –
- အသက်ရှူလမ်းကြောင်းပြဿနာတွေကို ခံစားရနိုင်ပါတယ်။
- အသက်အရွယ်ကြီးရင့်လာချိန်မှာ ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေ ပုံမျှန်ထက် ပိုများနေပါတယ်။
- ကလေးအရွယ်မှာ အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။
လက်ရှိကာလအထိတော့ ခွဲမွေးတာကြောင့် ကလေးမှာ ပိုပြီး ကျန်းမာရေးထိခိုက်စေတာမျိုး ဖြစ်စေနိုင်တယ် လို့တော့ လုံလောက်တဲ့ သက်သေအထောက်အထားတွေကို မတွေ့ရသေးပါဘူး။
Lotoshinn ရဲ့ စကားလက်ဆောင်
ကိုယ်ဝန်ဆောင်ချိန်မှာရော မီးဖွားပြီးချိန်မှာပါ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ အာဟာရပြည့်ဝမျှတအောင် စားသုံးတာအပြင် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို သေချာလေး ခံယူဖို့ လိုပါမယ်။ မီးဖွားရာမှာလည်း အသင့်တော်ဆုံးဖြစ်မယ့် မီးဖွားမှုနည်းလမ်းကို ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဆွေးနွေးဖို့ အကြံပြုချင်ပါတယ်။





