အသည်းအဆီဖုံးတာက အခုနောက်ပိုင်းမှာ တော်တော်လေး အဖြစ်များလာတာကို တွေ့ရှိရပါတယ်။ အသည်းအဆီဖုံးတာကို တော်တော်များများကလည်း ပြင်းထန်မှ သိတာကလည်း တော်တော်လေးကို များပါတယ်။ ဒါကြောင့် ကြိုတင်သိရှိပြီး ရောဂါမပြင်းထန်ခင်မှာ ကုသမှုခံယူနိုင်စေဖို့ အသည်းအဆီဖုံးနေပြီ ဆိုရင် ဘယ်လို လက္ခဏာလေးတွေကို တွေ့ရှိနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ … ဒီတော့ အသည်းအဆီဖုံးတာကို ဘယ်လိုတွေ သိနိုင်မလဲ! ဆိုတာကို မျှဝေပေးပါမယ်။
အသည်းအဆီဖုံးတယ်ဆိုတာ ဘာလဲ!
အသည်းအဆီဖုံးတယ်ဆိုတာက အသည်းမှာ ပုံမှန်ထက် အဆီတွေ ပိုများနေတာပါ။ အသည်းဆိုတာက ခန္ဓာကိုယ်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အစားအစာတွေကို ဖြိုခွဲတာ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ ကူညီမှုတွေကို လုပ်ဆောင်ပေးပါတယ်။
ကျန်းမာတဲ့အသည်းမှာဆိုရင် အဆီက ရှိတတ်တယ်ဆိုပေမယ့် အတော်လေးကို နည်းသလို ၊ မရှိသလောက်ကို နည်းပါတယ်။ ဒါပေမယ့် အရက်တွေကို အလွန်အကျွံသောက်မယ်ဆိုရင်ဖြစ်ဖြစ်၊ အစားတွေကို အလွန်အကျွံ စားမယ်ဆိုရင်ဖြစ်ဖြစ်၊ ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစားတွေထဲမှာပါတဲ့ ကယ်လ်လိုရီတွေကို အဆီတွေ အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒီအဆီတွေကို အသည်းဆဲလ်တွေထဲမှာ သိုလှောင်ထားလိုက်ပါတယ်။
အသည်းအဆီဖုံးနေပြီဆိုရင်တော့ အသည်းရဲ့ စုစုပေါင်း အလေးချိန်က ရှိသင့်တဲ့ အလေးချိန်ထက် ၅ % ပိုများနေပါတယ်။ အသည်းအဆီဖုံးတာက အချိန်ကြာမြင့်လာချိန်မှာ အသည်းမှာ အမာရွတ်တွေ ဖြစ်ပြီး အသည်းရွတ်နာကို ဖြစ်စေနိုင်သလို အသည်းခြောက်တာနဲ့ အသည်းကင်ဆာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။
အဖြစ်များတဲ့ အသည်းအဆီဖုံးမှု (၂) ရပ်
အဖြစ်များတဲ့ အသည်းအဆီဖုံးမှု (၂) ရပ် ရှိပါတယ်။ ဒါတွေကတော့ –
- အရက်ကြောင့်မဟုတ်ဘဲ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တစ်ရပ်ရပ်ကြောင့် ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါ (MAFLD)
- အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါ (NAFLD)တို့ပါ။
အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါက အရက်အသောက်များတာကြောင့် ဖြစ်တာပါ။
အသည်းအဆီဖုံးတာကို ဘယ်လိုတွေ သိနိုင်မလဲ!
အသည်းအဆီဖုံးတာက ပုံမှန်အားဖြင့်တော့ လက္ခဏာတွေ မဖြစ်တတ်ပေမယ့် အခုလို အခြေအနေတွေ ခံစားနေရပြီဆိုရင်တော့ အသည်းအဆီဖုံးနေတာဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့ လိုမှာပါ။
- အမြဲလိုလို ပင်ပန်းနေတာပါ
- အမြဲလိုလို နေရမကောင်းတာ
- ရုတ်တရက် ကိုယ်အလေးချိန် ကျတာ
ပြင်းထန်မယ်ဆိုရင်တော့ အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
- မျက်ဖြူသားတွေ၊ အသားတွေ ဝါနေမယ်
- အညိုအမဲစွဲမယ်
- ဆီးအရောင်တွေက အဝါရောင်ရင့်နေမယ်
- ဝမ်းဗိုက်က ရောင်နေမယ်
- သွေးတွေအန်မယ်
- ဝမ်းထဲ သွေးပါပြီး ဝမ်းမည်းမည်းတွေ သွားနေမယ်
- အသားတွေ ယားမယ်။

ဘာတွေကများ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်လဲ!
အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ –
- ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ
- အဝလွန်နေတာ
- အမျိုးအစား – ၂ ဆီးချိုရောဂါ ရှိနေတာ
- အင်ဆူလင် တုံ့ပြန်နိုင်စွမ်း နည်းနေတာ
- သွေးတွင်းအဆီများနေတာ
- အရက်အလွန်အကျွံ သောက်တာတွေပါ။
အတွေ့ရနည်းတဲ့ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ –
- သိုင်းရွိုက်လုပ်ဆောင်မှု အားနည်းနေတာ
- အချို့သော ဆေးဝါးတွေ
- သားဥအိမ်မှာ ရေအိတ်တည်နေတာ (PCOS)
အချို့တွေက ကိုယ်ဝန်ဆောင်နေချိန်မှာ အသည်းအဆီဖုံးတာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ အသည်းအဆီဖုံးရောဂါ (AFLP)က ဖြစ်ခဲတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာဖြစ်ခဲတယ် ဆိုပေမယ့် ကိုယ်ဝန်ဆောင်ကာလ တတိယ၃လပတ်နဲ့ မီးဖွားပြီး မကြာခင်မှာ ခံစားရတတ်ပါတယ်။
ပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားနေရမယ်ဆိုရင် အမြန်ဆုံး ကုသမှုခံယူဖို့ လိုပါမယ်။
အသည်းအဆီဖုံးတာကို ဘယ်လိုကုသလို့ ရမလဲ!
အသည်းအဆီဖုံးနေပြီဆိုရင် နေထိုင်စားသောက်မှုပုံစံတွေကို ပြောင်းလဲဖို့လိုပါမယ်။
- အာဟာရပြည့်ဝမျှတအောင် စားသုံးပါ
- အချိုရှောင်ပါ
- ကိုယ်အလေးချိန်ထိန်းသိမ်းပါ
- ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ
- သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပါ
- အသည်းကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးတွေကို မလိုအပ်ဘဲ မသောက်ပါနဲ့
- အရက်ရှောင်ပါ။ မရှောင်နိုင်ရင် နည်းနည်းပဲ သောက်ပါ
- ဆေးလိပ်ဖြတ်ပါ၊ Vape ဖြတ်ပါ။
အသည်းအဆီဖုံးတာက နောက်ဆက်တွဲ ဘာတွေ ဖြစ်စေနိုင်လဲ!
အသည်းအဆီဖုံးနေပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ –
- နှလုံးရောဂါ
- လေဖြတ်တာ
- ကျောက်ကပ်ရောဂါစတာတွေကို ခံစားရနိုင်ပါတယ်။
အသည်းမှာ အဆီပိုတွေ များလာတဲ့အခါ အသည်းကရောင်ရမ်းတာကို ခံစားရသလို အသည်းမှာ အဖုအကျိတ် တွေနဲ့ အမာရွတ်တွေဖြစ်တာ အသည်းရွတ်နာ၊ အသည်းခြောက်တာတွေကို ဖြစ်စေနိုင်သလို ရေရှည်မှာ အသည်း ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။
အသည်းအဆီဖုံးတာကို ကာကွယ်လို့ ရမလား!
အသည်းအဆီဖုံးတာကို ကာကွယ်နိုင်ဖို့ဆိုရင်တော့ နေ့စဉ်ဘဝမှာ အခုလို အချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။
- သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ နှံစားသီးနှံတွေနဲ့ ကျန်းမာတဲ့အဆီတွေကို စားပါ။
- ကိုယ်အလေးချိန် ထိန်းညှိပါ
- အရက်ဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့သောက်ပါ
- တစ်ပတ်တာမှာ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
- ကိုယ်လက်လှုပ်ရှားမှု မလုပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
အသည်းအဆီဖုံးတာက မသိလိုက်ဘူးဆိုရင် အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်တယ်ဆိုပေမယ့် အသည်းကျန်းမာစေဖို့ နေ့စဉ်တိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ မလိုအပ်ဘဲ ဆေးတွေ မသောက်ပါနဲ့။ ကိုယ်အလေးချိန်ကို ထိန်းပါလို့ အကြံပြုလိုက်ပါရစေ။





