ဝက်ခြံဆိုတာက ကျား၊မ မရွေး၊ အပျိုဖော် လူပျိုဖော်ဝင်ချိန်ကစလို့ ခံစားရတဲ့ အရေပြား ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ဒီတစ်ခေါက်ကတော့ အရေပြားပေါ်မှာ ဖြစ်နိုင်တဲ့ အထူးသဖြင့် လေဒီလေးတွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံအကြောင်းကို ပြောပြချင်တာပါ။
ဟော်မုန်းဆိုတာ ဘာလဲ!
ဟော်မုန်းဆိုတာက ဝက်ခြံတွေကို ဖြစ်စေတဲ့ အဓိက ဇာတ်ကောင်တွေပေါ့။ ဒါပေမယ့် ဟော်မုန်းက တစ်ချိန်လုံးတော့ ဝက်ခြံဖြစ်စေတာ မဟုတ်ပါဘူး။ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အချိန်မှာ ဝက်ခြံတွေက ဖြစ်တတ်တာပါ။
ဟော်မုန်းဆိုတာက စိတ်အခြေအနေ အမျိုးမျိုးကို ဖြစ်စေနိုင်သလို ဝက်ခြံတွေ ဖြစ်စေဖို့အတွက်လည်း သတင်းပို့ လှုံ့ဆော်ပေးတဲ့ ဓာတုဗေဒ သတင်းပါးမှု တစ်ရပ်ပါ။
ဘာတွေကြောင့် ဟော်မုန်းဝက်ခြံတွေ ဖြစ်ရတာလဲ!
ကြည်လင်ချောမွေ့တဲ့ အရေပြားကို အနှောင့်အယှက်ဖြစ်စေတဲ့အရာက အမျိုးသမီးတွေမှာရှိတဲ့ ဟော်မုန်းတွေ ဖြစ်ကြတဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ မမျှတတာ၊ အမျိုးသားတွေမှာရှိတဲ့ အန်ဒရိုဂျင်နဲ့ တက်စတိုစထရုန်း ဟော်မုန်း မမျှတမှုတွေပါ။ ဒီဟော်မုန်းတွေထဲမှာ အချို့သောဟော်မုန်းတွေက အဆီထွက်ရှိမှု များစေပြီး ဝက်ခြံတွေကို ဖြစ်စေတာပါ။
ဘယ်လိုအခြေအနေတွေကြောင့် ဟော်မုန်းဝက်ခြံတွေ ဖြစ်ရတာလဲ!
အခုလို အခြေအနေတွေက ဟော်မုန်းဝက်ခြံတွေကို ဖြစ်စေတာပါ။
- ဟော်မုန်းပြောင်းလဲမှုတွေ
- ကိုယ်ဝန်ရှိတာ
- နို့ချိုတိုက်ကျွေးနေရတာ
- သွေးဆုံးခါနီးတာ
- အပျိုဖော်၊ လူပျိုဖော်ဝင်တာ
- ဟော်မုန်းပါတဲ့ သားဆက်ခြားသောက်ဆေးတွေ သောက်ရတာ
- ရာသီစက်ဝန်း
- စိတ်ဖိစီးတာ
- အစားအသောက်တွေကြောင့်ပါ။

ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံ ဆိုတာ ဘာလဲ!
ဟော်မုန်းဝက်ခြံဆိုတာက အရွယ်ရောက်ချိန်မှာ ခံစားရတဲ့ ဝက်ခြံပါ။ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ ဝက်ခြံပါ။ အဆီပိုတွေ ထွက်လာပြီး ချွေးပေါက်တွေမှာ ပိတ်ဆို့တာကြောင့်လည်း ဝက်ခြံတွေ ဖြစ်လာရ တာပါ။ အဆီပြန်တတ်တဲ့ အသားအရေတွေမှာ ဟော်မုန်းဝက်ခြံတွေ ဖြစ်နိုင်ခြေ များနေပါတယ်။
ဟော်မုန်းဝက်ခြံတွေရဲ့ လက္ခဏာများ
ဟော်မုန်းဝက်ခြံတွေမှာ ဆားဝက်ခြံ၊ အဖြူဆံတွေထွက်တဲ့ ဝက်ခြံ၊ အဆီဖုတွေ ပိတ်ဆို့နေတတ်တဲ့ ဝက်ခြံ၊ ပြည်ဖုတွေလို ထွက်နေတဲ့ ဝက်ခြံတွေ၊ အဆီခဲတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ ဝက်ခြံက ပြင်းထန်မယ်ဆိုရင်တော့ အဆီဖုတွေနဲ့ ရောင်ရမ်းပြည်တည်တဲ့ ဝက်ခြံတွေ အနေနဲ့ တွေ့ရနိုင်ပါတယ်။
ဟော်မုန်းကြောင့် ဖြစ်တဲ့ ဝက်ခြံက မျက်နှာရဲ့ အောက်ဖက်ခြမ်း မေးရိုးတလျှောက်၊ ပါးနဲ့ ရင်ဘတ်၊ လည်ဂုတ်၊ ပခုံးနဲ့ နောက်ကျောလို နေရာမျိုးတွေမှာ တွေ့ရတတ်ပါတယ်။
ဘယ်လို သက်သာအောင် လုပ်မလဲ!
ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံကို သက်သာစေဖို့ဆိုရင် ဟော်မုန်းပမာဏကို ထိန်းညှိပေးဖို့ လိုသလို ဟော်မုန်း ဝက်ခြံ ထပ်မဖြစ်အောင် ကာကွယ်ဖို့လည်း လိုပါမယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံကို သက်သာစေဖို့ဆိုရင် အဆီပါဝင်မှု မရှိတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ချွေးပေါက်တွေကို ပိတ်ဆို့မှု ကင်းအောင် ဂရုစိုက်ဖို့ လိုပါမယ်။
ဟော်မုန်းဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်း၊ အမျိုးအစားနဲ့ ပြင်းထန်မှုကို လိုက်ပြီး ကုသမှုနည်းလမ်းကို ရွေးချယ်ဖို့ လိုပါမယ်။ ဟော်မုန်းဝက်ခြံတွေ သက်သာစေဖို့အတွက် antibiotics လိမ်းဆေးလိမ်းတာမျိုး လုပ်လို့ ရသလို သောက်ဆေးတွေ သောက်တာ၊ ကော်တီဆုန်းထိုးဆေးတွေကို အသုံးပြုပြီး အရောင်ကျအောင် လုပ်ဆောင်တာတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
စိတ်ဖိစီးတာ၊ ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို စားတာ၊ အိပ်ရေးပျက်တာ များတာ၊ ဟော်မုန်းဝက်ခြံတွေကို ထိတွေ့ကိုင်တွယ်တာ၊ ညှစ်တာ၊ ဆိတ်ဆွတာ၊ သန့်စင်ထားတဲ့ သကြားနဲ့ အချိုတွေကို စားတာ၊ ကစီဓာတ်တွေကို အစားများတာ၊ စိုထိုင်းဆ များတာ၊ စိတ်ဖိစီးမှုများတာတွေက ပိုဆိုးစေမှာပါ။ ဒါကြောင့် သေချာလေး ဂရုစိုက်ဖို့ အကြံပြုလိုက်ပါရစေ။





