ရာသီလာမယ့်ရက် နီးလာတဲ့အခါ အသားအရေလေးက တင်းရင်းကြည်လင်ပြီး ပိုလှနေသလို ခံစားရတာမျိုး ရှိတာကို သတိထားမိကြလား လေဒီလေးတို့ရေ ….. ဒီလိုမျိုး ရာသီလာခါနီးရင် ပိုလှလာတာ ….. ဘာလို့လဲ သိကြလား! မသိဘူးဆိုရင်တော့ အခုပဲ ရှင်းပြပေးမယ်နော်။
ရာသီလာခါနီးရင် ပိုလှလာတယ် … ဘာလို့လဲ သိကြလား!
ရာသီလာမယ့်ရက်မတိုင်ခင် တစ်ပတ်လောက်မှာ တော်တော်လေး လှလာတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ကြည့်ရတာ အသားလေးတွေ ပိုကြည်လာပြီး ပိုကြည့်ကောင်းလာသလို ခံစားရတာတွေ ရှိမယ်ထင်တယ်နော်။ ဒါကဘာကြောင့်လဲဆိုတော့ ဟော်မုန်းပြောင်းလဲမှုကြောင့်ပါ။ သားဥကြွေခါနီးမှာ ကိုယ်တွင်းမှာဖြစ်ပေါ်လာတဲ့ ဟော်မုန်း ပြောင်းလဲမှုကြောင့် အသားအရေတွေက ပိုပြီးကြည်တောက်လာတယ်လို့ ခံစားရတာပါ။
ဒီကာလမှာ ကိုယ်တွင်းမှာ သားဥကြွေစေဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး ကိုယ်တွင်းမှာ အီစထရိုဂျင်ဟော်မုန်း ထွက်ရှိမှုက သာမန်အချိန်တွေထက် ပိုများနေပါတယ်။ ဒီအခြေအနေကပဲ ကိုယ်တွင်းမှာ ကော်လာဂျင်ထွက်ရှိမှု ကောင်းစေပြီး hyaluronic acid ထွက်ရှိမှုကိုလည်း ကောင်းစေတာကြောင့် အသားအရေက ပုံမှန်အချိန်ထက် ပိုပြီး ချောမွတ်တာ၊ အသားအရေ ပန်းရောင်သွေးကြွယ်တာနဲ့ အသားအရေတင်းရင်းတာကို ခံစားရနိုင်ပါတယ်။
ဒါတင်မဟုတ်သေးဘဲ အရေပြားမှာ ရေဓာတ်ပြည့်ဝနေတာကလည်း အသားအရေက ပိုပြီး ကြည်လင်နေတာမျိုး ကိုဖြစ်စေတာပါ။ ဒီကာလမှာ စိတ်ခံစားမှုကလည်း ကောင်းနေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးနေချိန် ဖြစ်တာ ကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုပြီးဆွဲဆောင်မှု ရှိတယ်လို့ ခံစားရတာပါ။

မျိုးဥအိမ်ကနေ သားဥကြွေတဲ့ ဖြစ်စဉ်တွေ စတင်တဲ့ကာလမှာ ကိုယ်တွင်းမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းပမာဏတွေ မြင့်တက်နေတာက ဆဲလ်တွေကို ကျန်းမာလှပစေပြီး ကော်လာဂျင်ထွက်ရှိမှု ကောင်းစေဖို့လည်း လှုံ့ဆော်ပေးနေပါတယ်။ ဒါကြောင့် ဒီကာလအတွင်းမှာ အရေပြားက တစ်လတာရဲ့ အခြားအချိန်တွေထက် ပိုပြီးရေဓာတ်ပြည့်ဝနေသလို အသားအရေလေး Glow နေရတာပါ။ အရေပြားဆဲလ်အသစ်တွေလည်း ဖြစ်ပေါ်နေသလို အရေပြားပေါ်ကဆဲလ်ဟောင်းတွေကို ဖယ်ရှားဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။ ဒီလိုကာလမှာ သဘာဝနည်းလမ်းလေးတွေနဲ့ပဲဖြစ်ဖြစ် chemical peeling လေးတွေ လုပ်ရင်းဖြစ်ဖြစ် အသားအရေကို ထိန်းသိမ်းတာက ရလဒ်ကောင်းတွေကို ရစေဖို့လည်း ရာခိုင်နှုန်းအတော်လေး များတာပါ။ ရာသီမလာခင် ၁၂ ရက်လောက်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ အမြင့်ဆုံးနှုန်းနဲ့ ထွက်ရှိနေတာကြောင့် ဒီကာလအတွင်းမှာ အသားအရေက တော်တော်လေးကို လှနေတာပါ။
ကော်လာဂျင်ထွက်ရှိမှု ကောင်းနေတဲ့ ဒီကာလမှာ အရေပြားက တင်းရင်းပြီး ချွေးပေါက်လေးတွေတောင် ကျဉ်းနေတာကို ခံစားရပါတယ်။ ဒီကာလမှာ အသားအရေကို ရေဓာတ်ဖြည့်တာ၊ အရေပြားကို သေချာလေး သန့်စင်တာနဲ့ အသားအရေထိန်းသိမ်းမှုလေးတွေကို သေချာလေးလုပ်ဆောင်ပေးတာက အသားအရေ ကျန်းမာစေဖို့ရော စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ပြည့်ဝစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
အသားအရေ ကြည်လင်တာကို သဘောကျတယ်ဆိုရင် ပုံမှန် အသားအရေထိန်းသိမ်းမှုလေးတွေ လုပ်တာ၊ ရေလုံလောက်အောင်သောက်တာ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အသီးအရွက်များများစားပေးတာ၊ အချိုအငန်ကဲတာနဲ့ အသင့်စားတာတွေကို ရှောင်ဖို့လိုပါမယ်။ အိပ်ရေးဝဝအိပ်ဖို့လည်း လိုပါမယ်။





