လေဒီလေးတွေမှာ တစ်လတာရဲ့ နေ့ရက်တိုင်းကို တူညီတဲ့ အသားအရေ အနေအထားနဲ့ ဖြတ်သန်းနေတယ်လို့ ထင်လား… အဆီပြန်တဲ့နေ့တွေ ရှိသလို အသားတွေခြောက်ပြီး ယားယံနေတာမျိုးကို ကြုံရတဲ့ နေ့ရက်တွေ လည်း ရှိဖူးကြတယ်မှတ်လား…. အခုတစ်ခေါက်မှာတော့ ရာသီစက်ဝန်းအလိုက် အသားအရေ ထိန်းသိမ်းနည်း အကြောင်းလေးကို မျှဝေပေးချင်တာပါ။
ရာသီစက်ဝန်းအခိုက်အတန့်တစ်ခုစီနဲ့ အသားအရေ အခြေအနေတစ်ရပ်စီ
လေဒီလေးတွေရဲ့ နေ့ရက်တိုင်းမှာ ရာသီစက်ဝန်းတွေ ဖြစ်ပျက်နေမှုနဲ့အတူ အသားအရေ အခြေအနေတွေ ကလည်း တစ်ပတ်နဲ့ တစ်ပတ် မတူညီကြပါဘူး။ သက်တမ်းတလျှောက်မှာ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေ၊ အသက်အရွယ်နဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် အသားအရေမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်တာကို ခံစားကြရပါတယ်။
ဟော်မုန်းဆိုတာက အသားအရေကျန်းမာစေဖို့ လုပ်ဆောင်ပေးနေတဲ့ ဓာတုအချက်ပြစနစ်လေးတွေပါ။ ကိုယ်တွင်းမှာ ဟော်မုန်းတွေ မြင့်တက်လာချိန်နဲ့ ဟော်မုန်းတွေ မမျှတတာမျိုးတွေ ဖြစ်လာချိန်မှာ (လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်၊ သွေးဆုံးခါနီးနဲ့ ရာသီလာခါနီးကာလတွေမှာ) အသားအရေ ပြောင်းလဲမှုတွေကို ခံစားရပါတယ်။
အီစထရိုဂျင် နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေကတော့ ရာသီစက်ဝန်းတလျှောက်မှာ အသားအရေအပေါ် အဓိက သက်ရောက်နေတဲ့ ဟော်မုန်းနှစ်မျိုးပါ။ မျိုးဥအိမ်တွေက သားဥတွေကို ထုတ်လုပ်ချိန်မှာ ရာသီစက်ဝန်းကို ထိန်းညှိပေးဖို့ ဟော်မုန်းတွေက လုပ်ဆောင်ကြပါတယ်။ ဒါကြောင့် ရာသီစက်ဝန်းရဲ့ အဆင့်တွေကို လိုက်ပြီး အသားအရေ အခြေအနေကလည်း ပြောင်းလဲလာပါတယ်။

- အသားအရေ ခြောက်သွေ့တဲ့ကာလ အပိုင်းအခြား ( ရာသီစက်ဝန်း ၁ ရက် ကနေ ၇ ရက်အတွင်း- ရာသီသွေးဆင်းတဲ့ကာလ)
ဒီကာလမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ ကျဆင်းနေတဲ့ကာလပါ။ ဒီအခြေအနေက အသားအရေ ကို ရေဓာတ်ခမ်းခြောက်စေပြီး အရေပြားက ထိခိုက်လွယ်လာသလို ကော်လာဂျင်ထွက်ရှိမှု ကျဆင်းစေဖို့ လှုံ့ဆော်နေပါတယ်။ လေဒီလေးအချို့မှာဆိုရင် ဒီကာလမှာ အသားတွေယားတာ၊ ဓာတ်မတည့်မှုဖြစ်တာတွေကို ခံစားကြရပါတယ်။
ဒီကာလမှာ အသားအရေကို ရေဓာတ်ပြည့်ဝစေဖို့ ရေလုံလောက်အောင် သောက်ပေးဖို့ လိုသလို အရည်ရွှမ်းတဲ့ အသီးအရွက်တွေကို စားတာ၊ Moisturizer ကို သေချာလေး လိမ်းတာမျိုး လုပ်ဖို့ လိုပါမယ်။
- အသားအရေ ကြည်လင်တောက်ပတဲ့ကာလ အပိုင်းအခြား (ရာသီစက်ဝန်း ၈ ရက် ကနေ ၁၄ ရက်အတွင်း- သားဥကြွေဖို့ စတင်ပြင်ဆင်ချိန်)
ဒီကာလမှာ မျိုးဥကြွေခါနီးကာလဖြစ်နေတာကြောင့် ကိုယ်တွင်းမှာ အီစထရိုဂျင်ဟော်မုန်း အမြင့်တက်ဆုံး အချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး ကိုယ်တွင်းမှာ ကော်လာဂျင်ထွက်ရှိမှု တော်တော်လေး မြင့်တက်နေတဲ့ ကာလပါ။ ဒါကြောင့် ဒီကာလမှာ အသားအရေက ချောမွတ်ပြီး ကြည်တောက်နေမှာပါ။ ဒီကာလမှာ ချွေးပေါက်တွေ ကျဉ်းပြီး အသားအရေက ချောမွတ်နေမှာပါ။
ဒီကာလအပိုင်းအခြားမှာ ဆဲလ်သေတွေကို ဖယ်ရှားတာမျိုး လုပ်ဆောင်လို့ ရပါတယ်။ အသားအရေကို သေချာလေး သန့်စင်ပြီး အစိုဓာတ်ထိန်းခရင်မ်ကို သေချာလေး လိမ်းပေးတာမျိုး လုပ်လို့ ရပါတယ်။
- အသားအရေ အဆီပြန်တဲ့ကာလ အပိုင်းအခြား (ရာသီစက်ဝန်း ၁၅ ရက် ကနေ ၂၈ ရက်အတွင်း – ရာသီသွေးဆင်းဖို့ ပြင်ဆင်ကာလ)
ဒီကာလက သားဥကြွေပြီးချိန် ဖြစ်တာကြောင့် ပရိုဂျက်စတုန်းဟော်မုန်းက မြင့်တက်ဖို့ အရှိန်စယူနေတဲ့ အချိန်ပေါ့။ အဆီတွေပိုထွက်လာစေဖို့ လှုံ့ဆော်မှုတွေ ဖြစ်စေသလို ချွေးပေါက်တွေ ပိတ်ဆို့ပြီး အသားအရေကို အသက်ရှူမဝ ဖြစ်စေပြီး ဝက်ခြံတွေ ထွက်ဖို့ စတင်ပြင်ဆင်နေပါတဲ့ ကာလပါ။
ဒီကာလမှာ ဟော်မုန်းဟန်ချက်မညီမှု အတိုင်းအတာပေါ်မူတည်ပြီး ဟော်မုန်းဝက်ခြံတွေနဲ့ အမျိုးမျိုးသော ဝက်ခြံတွေ ဖြစ်ပေါ်စေပါတယ်။ သားအရေက အဆီတွေပုံမှန်ထက် အလွန်အကျွံ ထွက်လွန်းနေပြီး ဝက်ခြံတွေ တစ်လုံးပြီး တစ်လုံး တန်းစီထွက်တဲ့ကာလပါ။ အကြောင်းကတော့ ကိုယ်တွင်းမှာ အန်ဒရိုဂျင်ဟော်မုန်းပမာဏ ပုံမှန်ထက် မြင့်တက်နေပြီး ချွေးပေါက်တွေ ပိတ်ဆို့လွယ်တာကြောင့် ဝက်ခြံကြီးတွေ ဖြစ်ရတာပါ။
အဆီတွေကို သေချာလေး ဖယ်ရှားပေးဖို့ ဂရုစိုက် လုပ်ဆောင်ရပါမယ်။ non-comedogenic moisturizer ကို သေချာလေး သုံးပေးဖို့ လိုသလို အသားအရေကို သေချာလေး သန့်စင်ပေးဖို့ လိုပါမယ်။ ဝက်ခြံအတွက် ဆေးလိမ်းတာမျိုး လုပ်ပေးဖို့ လိုပါမယ်။
ဒီလိုမျိုး အသားအရေ အခြေအနေလေးကို လိုက်ပြီး သေချာလေး ထိန်းသိမ်းပေးမယ်ဆိုရင်တော့ အရေပြားပြဿနာတွေကို အတိုင်းအတာ တစ်ရပ်အထိ ကာကွယ်နိုင်မှာပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
ဟော်မုန်းအပြောင်းအလဲတွေက အသားအရေ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အသားအရနဲ့ ကိုက်ညီမယ့် မျက်နှာသစ်ဆေးနဲ့ Toner၊ moisturizer တွေကို အသုံးပြုဖို့ လိုသလို ရေများများသောက်တာ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အိပ်ရေးဝဝအိပ်တာ၊ အသီးအရွက်များများ စားပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။





