“ချောကလက် စားရင် သွားပိုးစားမယ်၊ ဝလာမယ်” လို့ပဲ အရင်က သိထားခဲ့ပါတယ်။ တကယ်တမ်းတော့ Dark Chocolate လို ကာကာအိုပါဝင်မှုမြင့်တဲ့အမျိုးအစားမှာ အခုလို ကျန်းမာရေးအတွက် ကောင်းကျိုးတချို့ ရှိပါတယ်။
ချောကလက် စားခြင်းက ကျန်းမာရေးကို တကယ်ပဲ အထောက်အကူပြုလား?
ချောကလက် စားတာက ကျန်းမာစေဖို့ အခုလို ထောက်ကူပေးနိုင်ပါတယ်။
၁။ နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်နိုင်တယ်
Dark Chocolate မှာ ပါဝင်တဲ့ Flavanols (ဓာတ်တိုးဆန့်ကျင်ပစ္စည်းအမျိုးအစား) တွေက သွေးကြောလုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို အနည်းငယ် လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
၂။ စိတ်ကို ကြည်လင်စေတယ်
ချောကလက်စားလိုက်တဲ့အခါ ဦးနှောက်ထဲက Serotonin နဲ့ Endorphins တို့ကို သက်ရောက်မှုရှိစေနိုင်ပြီး စိတ်ဖိစီးမှုတွေကို လျော့ပါးစေနိုင်ပါတယ်။ သူ့အရသာနဲ့ စိတ်ကျေနပ်မှုကြောင့် mood ကောင်းလာပြီး ပျော်ရွှင်မှုဟော်မုန်းလေးတွေကို ထုတ်ပေးနိုင်ပါတယ်။
၃။ ဦးနှောက်လုပ်ဆောင်ချက်ကို အနည်းငယ် မြှင့်တင်နိုင်တယ်
Dark Chocolate မှာ ပါဝင်တဲ့ Caffeine နဲ့ Theobromine တွေက အာရုံစူးစိုက်မှုကို အထောက်အကူပြုနိုင်ပါတယ်။
၄။ အရေပြားကို ကာကွယ်ပေးနိုင်တယ်
သူ့မှာပါဝင်တဲ့ Flavanols တွေက UV ကြောင့် ဖြစ်နိုင်တဲ့ အရေပြားထိခိုက်မှုကို အနည်းငယ် လျှော့ချပေးနိုင်ကြောင်းကိုလည်း လေ့လာချက်တချို့မှာ တွေ့ရပါတယ်။
၅။ အမျိုးသမီးများ ရာသီလာချိန် ဝေဒနာကို လျော့ပါးစေနိုင်တယ်
Magnesium ပါဝင်လို့ ကြွက်သားပြေလျော့စေပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုများကို သက်သာစေနိုင်ပါတယ်။

ဘယ်လိုချောကလက်မျိုးကို ရွေးချယ်မလဲ?
ချောကလက်တိုင်းက ကျန်းမာရေးအတွက် ကောင်းတာတော့ မဟုတ်ပါဘူး။ အကျိုးကျေးဇူး အပြည့်အဝရဖို့ဆိုရင်တော့
၁။ ကာကာအို (Cocoa) ပါဝင်မှု 70% နှင့်အထက် ရှိတဲ့ Dark Chocolate ကို ရွေးချယ်ပါ။
၂။ သကြားနဲ့ နို့အဆီများတဲ့ Milk Chocolate၊ White Chocolate တွေကိုတော့ အလွန်အကျွံ မစားသင့်ပါ။
၃။ ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော အလွန်အကျွံစားရင်တော့ ကယ်လိုရီများနိုင်ပါတယ်။ တစ်နေ့ကို ၂၀–၃၀ ဂရမ်ခန့်လောက်ပဲ စားတာက အသင့်တော်ဆုံးပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
ချောကလက်ဆိုတာ ကျန်းမာရေးအတွက် “Superfood” တစ်ခု ဖြစ်နိုင်သလို၊ အလွန်အကျွံစားရင်လည်း “အချိုရည်” တွေလိုပဲ ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အကျိုးရှိမယ့် Dark Chocolate လေးကို ရွေးချယ်ပြီး အသင့်အတင့် စားသုံးပေးခြင်းဖြင့် ကျန်းကျန်းမာမာနဲ့ စိတ်ချမ်းသာအောင် နေထိုင်ကြစို့နော်။
ရေးသားသူ – ခင်ဘုဏ်းရှိန်




