ကျန်းမာဖို့ Balanced Diet စားကြတယ်ဆိုတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ပုံစံအတူတူပဲ စားရလားဆိုတာကို တွေးမိဖူးကြလား….. ဒီတစ်ခေါက်တော့ ဒီအကြောင်းလေးကို ပြောပြပေးချင်ပါတယ်။
Balanced Diet ဆိုတာ ဘာလဲ!
Balanced Diet ဆိုတာက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ( ကစီဓာတ်၊ ပရိုတင်းနဲ့ အရည်ဓာတ်တွေ) ပါဝင်နေပြီး အချိုးအစား မှန်ကန်စွာ စားသုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်က အင်အားပြည့်ဝ ကျန်းမာစွာနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Balanced Diet ဖြစ်စေဖို့အတွက်ဆိုရင် နေ့စဉ်စားသုံးမှုမှာ အသီးအရွက် တွေ၊ သစ်သီးတွေ၊ နှံစားသီးနှံတွေနဲ့ အဆီမပါတဲ့ အသားတွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားသုံး ရပါမယ်။ ဒါနဲ့အတူ အချိုဓာတ်၊ အငန်ဓာတ်ကဲပြီး အဆီပါဝင်မှုများတဲ့ ပြုပြင်ထားတဲ့ အသင့်စား အစားအစာ တွေကို ရှောင်ဖို့ လိုသလို မရှောင်နိုင်ရင်လည်း လျှော့စားဖို့လည်း လိုပါမယ်။
နေ့စဉ်စားသုံးမှုတိုင်းကို Balanced Diet ဖြစ်စေဖို့ ဆိုရင်တော့ –
- ပန်းကန်ရဲ့ တဝက်ကို သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ
- ပန်းကန်ရဲ့ ၄ ပုံ ၁ ပုံကို ဆန်လုံးညို၊ ဂျုံကြမ်းပေါင်မုန့်နဲ့ အုတ်ဂျုံတွေကို စားဖို့ လိုပါမယ်
- ကျန် ၄ ပုံ ၁ ပုံကိုတော့ အဆီမပါတဲ့ အနီရောင်အသား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေကို စားဖို့ လိုပါမယ်
ဒါတွေအပြင် ပါဝင်သင့်တာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ထောပတ်သီးနဲ့ အခွံမာသီးတွေ၊ အဆီထုတ်ထားတဲ့ နို့ နဲ့ နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ အပင်ကနေရတဲ့ နို့စတာတွေကို သောက်သုံးလို့ ရပါတယ်။ ရေလုံလောက်အောင် သောက်သုံးဖို့လည်း လိုပါမယ်။

Balanced Diet ဘယ်လို ကောင်းကျိုးပေးသလဲ!
Balanced Diet စားသုံးပေးတာက အခုလို ကောင်းကျိုးလေးတွေကို ရရှိစေနိုင်ပါတယ်။
- ကိုယ်ခံအား ကောင်းစေနိုင်တယ်
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တယ်
- အစာကြေလွယ်စေမယ်
- နာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်
တစ်ယောက်နဲ့တစ်ယောက် Balanced Diet တူပါ့မလား!
တစ်ယောက်နဲ့တစ်ယောက် Balanced Diet တူပါ့မလား! ဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ တစ်ခွန်းတည်းနဲ့ ဖြေရမယ်ဆိုရင်တော့ “No” မတူပါဘူးဆိုတာပါပဲ။
လူတစ်ယောက်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံ၊ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစား၊ ကိုယ်အလေးချိန်၊ ရောဂါအခံရှိတာတွေလိုမျိုး အခြေအနေတွေနဲ့ တစ်နေ့တာရဲ့ ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာပေါ်မှာ မူတည်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ Balanced Diet က မတူပါဘူး။
အာဟာရ ပြည့်ဝမျှတတဲ့ Balanced Diet က စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အများကြီး အထောက်အကူ ပြုပေးနိုင်ပါတယ်။ နေ့စဉ်တိုင်းမှာ ခန္ဓာကိုယ် အင်အားပြည့်ဝစေဖို့ရော နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ပုံမှန် လုပ်ဆောင်နိုင်စေဖို့နဲ့ ကျန်းမာရောဂါကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကောင်းမွန်ကျန်းမာစွာနဲ့ အရွယ်ရောက်စေဖို့လည်း အများကြီး ထောက်ကူပေးနိုင်ပါတယ်။
နေ့စဉ်တိုင်းမှာ ကိုယ်နဲ့ ကိုက်ညီတဲ့ Balanced Diet ကို စားသုံးပေးတာက ကိုယ်တိုင်မှာ နာတာရှည် ကျန်းမာရေး ပြဿနာ ရှိနေမယ်။ အခြားသော ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်ကို ခံစားရမယ်ဆိုရင်တော့ Balanced Diet က ကွဲပြားတာမျိုး ရှိနိုင်ပြီး ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီအောင် စားသုံးမိဖို့ လိုမှာပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
Balanced Diet က လူတစ်ယောက်ကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တယ်ဆိုပေမယ့် ကိုယ်တိုင်မှာရှိနေတဲ့ အကြောင်းရင်းခံတွေအပေါ်မှာ မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ Balanced Diet ကို စားသုံးမိမှသာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာဆိုတာလေး အသိပေးလိုက်ပါရစေရှင့်။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီတဲ့ Balanced Diet ကို သေချာလေး ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။



