ပြုတ်စားစား ကြော်စားစား ကင်စားစား အရသာရှိသလို စားလို့လည်း ကောင်းလှတဲ့အရာ တစ်ခုက ပြောင်းဖူး ပါ။ ဒီလို စားလို့ကောင်းတဲ့ ပြောင်းဖူး ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးတွေရရှိနိုင်လဲဆိုတာကို မျှဝေပေးချင် ပါတယ်။
ပြောင်းဖူးက အာဟာရဓာတ် များလို့လား!
ပြောင်းဖူးက အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို အမျှင်ဓာတ်၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီလို အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်နေတာက ပြောင်းဖူး စားရင် အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။
- မျက်လုံးကျန်းမာစေတယ်
အဝါရောင် ပြောင်းဖူးမှာ မျက်လုံးရဲ့ မျက်ကြည်လွှာတွေကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ lutein နဲ့ zeaxanthinတို့လိုမျိုး carotenoid ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၂ မျိုး ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသက်ရလာလို့ အမြင်အာရုံအားနည်းတာနဲ့ ရေတိမ်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
- အစာခြေစနစ်ကျန်းမာစေတယ်
ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါဝင်တဲ့ ပြောင်းဖူးက အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးသလို အူနံရံတွေရဲ့ အာဟာစုပ်ယူမှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

- သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်
ပြောင်းဖူးမှာ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- နှလုံးကျန်းမာစေတယ်
ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ပြောင်းဖူးစားပေးတာက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို နှလုံးကို စည်းချက်မှန်စေပြီး သွေးတွင်းအဆီကျစေဖို့ ထောက်ကူပေးပါတယ်။ နှလုံးကျန်းမာပြီး နှလုံးသွေးကြောတွေထဲက သွေးစီးဆင်းမှု ကောင်းစေဖို့လည်း ပြောင်းဖူးက ထောက်ကူပေးပါတယ်။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်တယ်
ပြောင်းဖူး ဝါဝါလေးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် နာတာရှည်ကျန်းမာရေးပြသနာတွေ ခံစားရနိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။
- အင်အားပြည့်ဝစေတယ်
ပြောင်းဖူးမှာ ကစီဓာတ် ပါဝင်နေတာကြောင့် ကိုယ်တွင်းမှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ချင်တယ်ဆိုရင် ပြောင်းဖူး စားပေးလို့ ရပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ပြောင်းဖူးကို တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက် စားပေးတာက ခန္ဓာကိုယ်မှာ ကျန်းမာစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ပြောင်းဖူးကို မိမိနှစ်သက်ရာ ပုံစံနဲ့ စားပေးလို့ ရပါတယ်။




