ပြည်ပဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီများ မျှော်လင့်စောင့်စားနေသော မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင်ချထားပေးလိုက်ပြီဖြစ်သည်။ ယင်းသည် မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် သမိုင်းဝင်အပြောင်းအလဲတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီ ၄ ခု၏ မိုဘိုင်းဆက်သွယ်ရေးဈေးကွက်လုပွဲအတွက် တာထွက်ခရာမှုတ်လိုက်ခြင်းပင်ဖြစ်သည်။
ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)တစ်ဦးတည်းက လက်ဝါးကြီးအုပ်လုပ်ကိုင်ခွင့်ရရှိခဲ့သော မိုဘိုင်းဆက်သွယ်ရေးကဏ္ဍတွင် ယခုအခါပြည်တွင်းမှ ရတနာပုံ၊ ပြည်ပမှ တယ်လီနောနှင့် အူရီးဒူးတို့ပါ ဝင်ယှဉ်ပြိုင် ဆင်နွဲရတော့မည်ဖြစ်သည်။
ပြည်ပ အော်ပရေတာ ကုမ္ပဏီ နှစ်ခုကို ဆက်သွယ်ရေးလိုင်စင်ချထားပေးပြီးနောက် အဆိုပါကုမ္ပဏီများကလည်း ကြိုတင် ကြေညာထားကြသည့်အတိုင်း မိုဘိုင်းဆက်သွယ်ရေးကွန်ယက်တည်ဆောက်မှုလုပ်ငန်းများ စတင်နေကြပြီဖြစ်သည်။
ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေးဈေးကွက်အတွင်း နေရာတစ်နေရာ အခိုင်အမာရရှိထားသည့် MPT၊ ငွေကြေးအင်အားအလုံးအရင်းဖြင့် ဝင်ရောက်လုပ်ကိုင်မည့် အူရီးဒူး၊ နည်းပညာနှင့် ဆက်သွယ်ရေးလုပ်ငန်း အတွေ့အကြုံကြွယ်ဝသည့် တယ်လီနောနှင့် မြန်မာ့ဆက်သွယ်ရေးနှင့် ပက်သက်မှုများရှိနေသည့် ရတနာပုံတို့အနေဖြင့် လူဦးရေသန်း ၆၀ ခန့်ရှိသော နိုင်ငံတွင်း ဆက်သွယ်ရေးဈေးကွက်လုပြိုင်ပွဲတစ်ရပ် ဆင်နွှဲရတော့မည်ဖြစ်သည်။
ဤသို့ဖြင့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာအဆင့်မှီ ဆက်သွယ်ရေးဝန်ဆောင်မှုများ၊ အမြန်နှုန်းမြင့်မိုဘိုင်းအင်တာနက်များကို သုံးစွဲခွင့်ရနိုင်တော့မည့် အချိန်ကာလသည် လက်တစ်ကမ်းအကွာသို့ရောက်ရှိလာခဲ့ပြီ ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေးအခွင့်အလမ်းများပါ ကပ်လျက် လိုက်ပါလာပြီဖြစ်သည်။
“ပြည်ပကုမ္ပဏီတွေ SIM Card ရောင်းမယ့် အချိန်ကို စောင့်နေတယ်။ အဲဒီအချိန်ကြရင် ဈေးနှုန်းသက်သက်သာသာနဲ့ သုံးခွင့်ရတော့မှာဆိုတော့ Handset ကောင်းကောင်းဝယ်သုံးနိုင်တာပေါ့။” ဟု ဒဂုံတက္ကသိုလ်မှ သင်္ချာအဓိကကျောင်းသား ကိုအာကာစိုးကဆိုသည်။
ပြည်ပကုမ္ပဏီများနှင့် ပြည်တွင်းအော်ပရေတာများ ဆက်သွယ်ရေးဝန်ဆောင်မှုများစတင်ယှဉ်ပြိုင်မည့် အချိန်တွင် ဈေးနှုန်းချိုသာ၍ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် အပြိုင်အဆိုင်ဆွဲဆောင်ကြတော့မည်ဖြစ်သောကြောင့် ဖုန်းလိုင်းမမိမှုများ၊ အင်တာနက်အမြန်နှုန်းနှေးကွေးမှုများ၊ ဖုန်းခေါ်ဆိုခကြီးမြင့်မှုများကို မေ့ပစ်နိုင်တော့မည်ဟုထင်ကြောင်း ၎င်းကဆိုသည်။
“ဒီနိုင်ငံမှာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းတစ်မျိုးလိုဖြစ်ခဲ့တာ။ အခုခေတ်ပြောင်းချိန်ရောက်ပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် အခုအနေအထားက သာတဲ့သူ စားစတမ်းဖြစ်သွားပြီ။ ဘယ်သူဘယ်လောက်လုပ်နိုင်မလဲဆိုတာက ရေရှည်မှာ စကားပြောသွားလိမ့်မယ်။” ဟု Programmer တစ်ဦးဖြစ်သူ ကိုရဲဝင်းအောင်က မှတ်ချက်ပေးသည်။
မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများ အပြိုင်အဆိုင် ယှဉ်ပြိုင်လုပ်ကိုင်ကြသည့်အခါ နိုင်ငံတကာတွင်ကဲ့သို့ မိုဘိုင်းဖုန်းနှင့် SIM Card ကို စာချုပ်ဖြင့်တွဲဖက်ရောင်းချခြင်းများ၊ SIM Crad အတွင်း ကိုယ်သုံးချင်သော ပမာဏကို ကြိုတင်ငွေဖြည့်၍ သုံးစွဲနိုင်သော တစ်ခါသုံး အင်တာနက်နှင့် ဖုန်းကတ်များ၊ မိုဘိုင်းဖုန်းမှတဆင့် ငွေကြေး၊ ကျန်းမာရေး၊ အရေးပေါ် သတင်းအချက်အလက်ဖြန့်ဝေမှု ဆိုင်ရာဝန်ဆောင်မှုများ သုံးစွဲလာရဖွယ်ရှိကြောင်းမြန်မာ့ဆက်သွယ်ရေးမှ အငြိမ်းစားအရာရှိဟောင်း ဦးသန်းဦးကဆိုသည်။
သို့သော်လည်း SIM Card တန်ဖိုးနှင့် ခေါ်ဆိုခများကို အများပြည်သူ ကျေနပ်လက်ခံနိုင်သော နှုန်းထားဖြစ်အောင် သတ်မှတ်သွားမည်ဟု ပြည်တွင်းပြည်ပဆက်သွယ်ရေးကုမ္ပဏီများက ကြေညာထားကြသော်ငြား တိကျသည့်နှုန်းထားများကိုမူ MPT အပါအဝင် ပြည်တွင်း၊ ပြည်ပ အော်ပရေတာများအားလုံးက အတိအကျကြေညာခြင်းမရှိသေးပေ။ ပြည်ပကုမ္ပဏီများသည် ယခင်က အကြမ်းဖျဉ်းဈေးနှုန်းများကို ကြေညာခဲ့ဖူးသည်။
“ကျွန်တော်တို့အနေနဲ့ တစ်ချို့အစီအစဉ်တွေကို လက်ရှိမှာ မပြောနိုင်သေးတာ စိတ်မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်ကုမ္ပဏီက လူတွေလည်း သတင်းစာဖတ်ပါတယ်။” ဟု တယ်လီနော်မြန်မာမှ CEO ဖြစ်သူ Petter Furberg က အရွှန်းဖောက်၍ ဆိုသည်။
ထို့အပြင် အူရီးဒူးမြန်မာမှ CEO Ross Cormack ကလည် ဖုန်းပြောဆိုခများကို အတိအကျ မသတ်မှတ်ရသေးသော်လည်း အချိုသာဆုံးဖြစ်အောင် သတ်မှတ်သွားမည်ဟုဆိုသည်။
သို့သော် ဈေးကွက်မှာကြီးမားကျယ်ပြန့်ပြီး ပြိုင်ဆိုင်မှုလည်းပြင်းထန်မည်ဖြစ်ကာ အပြိုင်အဆိုင်ဝန်ဆောင်မှုများကြောင့် သုံးစွဲသူများအတွက်မူ အကျိုးကျေးဇူးများမည်ဖြစ်ကြောင်း ပြည်တွင်း IT ပညာရှင်များက သုံးသပ်ကြသည်။
“ကုမ္ပဏီတွေက ဘာဝန်ဆောင်မှုတွေပေးမှာလဲ။ ဘယ်လိုတွေဝယ်လို့ရမလဲ။ နိုင်ငံခြားမှာလို Contract ထိုးပြီး ဖုန်းပါတွဲဝယ်လို့ရတဲ့ ဝန်ဆောင်မှုတွေရမှာလား အဲဒါတွေကျွန်တော်တို့က သိချင်နေပြီ။ ဖြစ်နိုင်ရင် လက်ရှိဖုန်းတွေကို လွှင့်ပစ်ချင်နေပြီ။” ဟု အီလက်ထရွန်နစ်ကုမ္ပဏီတစ်ခုမှ အရောင်းမြှင့်တင်ရေးမန်နေဂျာ ကိုအောင်ကျော်စိုးကဆိုသည်။
ပြည်တွင်းပြည်ပ အော်ပရေတာ ၄ ခုကြောင့် ပိုမိုကောင်းမွန်သောဆက်သွယ်ရေးဝန်ဆောင်မှုများအပြင် အလုပ်အကိုင်အခွင့်လမ်းများလည်း ပိုမိုဖန်တီးလာနိုင်မည်ဖြစ်သည်။
လက်ရှိတွင် ပြည်ပ အော်ပရေတာ နှစ်ခုက အပြိုင်အဆိုင် ဝန်ထမ်းခေါ်ယူမှုများပြုလုပ်နေသကဲ့သို့ ရတနာပုံဆက်သွယ်ရေးကုမ္ပဏီကလည်း မကြာမီကာလများတွင် ဝန်ထမ်းခေါ်ယူမှုများပြုလုပ်တာ့မည်ဖြစ်သည်။
“အလုပ်အကိုင်အခွင့်အလမ်းတွေ အများအပြားလိုအပ်လာမယ်။ ဒါကကောင်းတဲ့အချက်။ တစ်ခုရှိတာက အရည်အသွေးပြည့်ဝဖို့။ ဒါက ခက်ခဲတယ်။ ဒီမှာ အင်ဂျင်နီယာတွေ အများအပြားရှိနေတယ်ဆိုပေမယ်။ ဆက်သွယ်ရေးနဲ့ ပတ်သတ်ပြီး အရည်အသွေးပြည့်ဝတဲ့ အင်ဂျင်နီယာဘယ်နှစ်ယောက်ရှိမလဲ။ ဒါက အကြီးမားဆုံးအခက်အခဲတွေထဲက တစ်ခုပဲ။ ပြည်ပအော်ပရေတာတွေကြီးပဲ မဟုတ်ဘူး ရတနာပုံပါ ကြုံရမှာ” ဟု ဦးသန်းဦးကဆိုသည်။
ယင်းပြဿနာကို ဖြေရှင်းရန် ဆက်သွယ်ရေးသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး တက္ကသိုလ်များနှင့်ပါ ပူေးပါင်းဆောင်ရွင်သွားမည်ဖြစ်ကြောင်း ပြည်ပအော်ပရေတာ ကုမ္ပဏီ နှစ်ခု စလုံးက ကြေညာထားသည်။
လက်ရှိ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲသည် သုံးစွဲသူများသာမက စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများအတွက်ပါ အကျိုးရှိမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနယ်ပယ်မှ လုပ်ငန်းရှင်များကဆိုသည်။
“မိုဘိုင်းဖုန်းဆိုင်တွေ ပိုလိုအပ်လာမယ်။ ဖုန်းထုတ်တဲ့ကုမ္ပဏီကြီးတွေလည်း တိုက်ရိုက်ဝင်လာမယ်ထင်တယ်။ သူတို့ရောင်းတာလည်းရောင်းတာပေါ့။ ပြင်ပဆိုင်တွေက ပိုတောင်လိုလာဦးမှာ။ လူတိုင်းဖုန်းကိုင်နိုင်တာ့မှာလေ။” ဟု Star Mobile ဆိုင်ပိုင်ရှင် ကိုဇော်မင်းကဆိုသည်။
ပြည်ပ ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများနှင့် ဖြန့်ချိရေးလုပ်ငန်းများ၊ SIM Card၊ ငွေဖြည့်ကတ် အရောင်းဆိုင်လုပ်ငန်းများအပါအဝင် ဆက်စပ်လုပ်ငန်းများပူးပေါင်းလုပ်ကိုင်ရန် စိတ်ပါဝင်စားသူအများအပြားရှိနေသည်။
“ဖြန့်ချိရေးကိုယ်စားလှယ်လုပ်ချင်လို့ ဆက်သွယ်လာတဲ့ လူတွေ ရှိတယ်။ ဒေသအသီးသီးက လူငယ်စွန့်ဦးတီထွင်လိုသူတွေ၊ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်လိုသူတွေကို ကူညီသွားမယ်။” ဟု တယ်လီနော်မြန်မာမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
တယ်လီနော်မြန်မာအနေဖြင့် ၅ နှစ်အတွင်း အရောင်းဌာန ၇၀၀၀၀ နှင့် လက်ခွဲဆိုင်ပေါင်း ၉၅၀၀၀ ဖွင့်လှစ်သွားရန် စီစဉ်ထားပြီး အူရီးဒူးမြန်မာကလည်း လုပ်ငန်းစတင်ပြီး ၅ နှစ် ကာလအတွင်း SIM Card အရောင်းဌာန ၂၄၀၀၀၀ နှင့် လက်ခွဲအရောင်းဌာန လက်ခွဲ ၇၂၀၀၀၀ အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။
“တယ်လီနေဖြစ်ဖြစ်၊ အူရီးဒူးဖြစ်ဖြစ် ကုမ္ပဏီတစ်ခုခုအတွက် ဖြန့်ချိရေးကိုယ်စားလှယ်လုပ်မလို့ စုံစမ်းနေတယ်။ မိုဘိုင်းဖုန်းဆိုင်လေးနဲ့ တွဲပြီးလုပ်မလားလို့ စဉ်းစားနေတာ” ဟု မိုဘိုင်းဖုန်း SIM Card အရောင်းကိုယ်စားလှယ်လုပ်ရန် ပြင်ဆင်နေသူ ကိုအောင်ဇော်ကဆိုသည်။
ပြည်ပဆက်သွယ်ရေးအော်ပရေတာများ လုပ်ငန်းစတင်လာခြင်းနှင့်အတူ အင်တာနက်အမြန်နှုန်း မည်ကဲ့သို့ဖြစ်လာနိုင်မည်နည်းဟူသော မေးခွန်းကို ပြည်သူများက စိတ်ဝင်စားနေကြသည်။
“အင်တာနက်သုံးရအဆင်ပြေလာမယ်ဆိုရင် ကျေနပ်တယ်။ ဘယ်လောက်ကျကျသုံးတယ်။ အခုက ပိုက်ဆံလည်းပေးရသေးတယ်။ သုံးရတာကလည်း တစ်စက်ကလေးမှ အဆင်မပြေဘူး” ဟု ကိုအောင်ကျော်စိုးကဆိုသည်။
ဆက်သွယ်ရေးလိုင်စင်ပါ အချက်အလက်များအရ ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများအနေဖြင့် မိုဘိုင်းအင်တာနက် အမြန်နှုန်းလျှင်မြန်စေရေးအတွက် ကိုယ်ပိုင် Interbational Gateway များ ချိတ်ဆက်တည်ဆောက် လုပ်ကိုင်ခွင့်ပြုထားသည်။
“လိုင်စင်ထဲမှာ ကိုယ်ပိုင် International Gateway တွေ ကိုယ်ပိုင်ငှားရမ်းခွင့်၊ တည်ဆောက်လုပ်ကိုင်ခွင့်ပါတယ်။ အဲဒါကြောင့် ကိုယ်ပိုင် အင်တာနက် Gateway ဆောက်မယ်။ လုပ်ငန်းစ စခြင်းမှတော့ လက်ရှိ သုံးစွဲနေတဲ့ Gateway ကို ပဲမျှဝေသုံးစွဲသွားမှာဖြစ်ပါ။”ဟု Petter Furberg က ပြောကြားသည်။
ထို့အပြင် အင်တာနက် အသုံးပြုခကောက်ခံရာတွင်လည်း Data ဖြင့်ကောက်ခံသောနှုန်းနှင့် အချိန်ဖြင့်ကောက်ခံသောနှုန်း စသည်ဖြင့် အမျိုးမျိုးသတ်မှတ်ထားမည်ဖြစ်ပြီး သုံးစွဲသူများစိတ်ကြိုက်ရွေးချယ် အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း အူရီးဒူးနှင့် တယ်လီနောကုမ္ပဏီများက ဆိုထားသည်။
လက်ရှိမြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်း အင်တာနက်အသုံးပြုခများကို မိနစ်အလိုက်ကောက်ခံနေပြီး နိုင်ငံတကာတွင်မူ အသုံးပြုသော Data ပမာဏအလိုက်သာ ကောက်ခံလေ့ရှိသည်။
ပြည်ပ အင်အားကြီး ဆက်သွယ်ရေးကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန်ပြင်ဆင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက 3G နှင့် 4G LTE Advance စနစ်များပါဝင်သော မိုဘိုင်းဖုန်းလိုင်း ၅ သန်း ထပ်မံတိုးချဲ့ရန် စီစဉ်နေပြီး ရတနာပုံတယ်လီပို့ကလည်း 4G LTE စနစ် စတင်နိုင်ရန် ပြင်ဆင်နေသည်။
ပြည်ပဆက်သွယ်ရေးကုမ္ပဏီများကလည်း မိုဘိုင်းဖုန်းအင်တာနက် အမြန်နှုန်းလုံးဝကောင်းမွန်စေမည်ဟု ကတိပေးထားကြပြီး သုံးစွဲသူအပေါ်မူတည်၍ အင်တာနက်ပမာဏကို ဆက်တိုက်တိုးချဲ့သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း ကတိစကားဆိုထားကြသည်။
“ကျွန်တော်တို့ ကတိပေးနိုင်တယ်။ အင်တာနက်အမြန်နှုန်း လုံးဝ ကောင်းစေရမယ်။” ဟု Petter Furberg ဟု ကတိပေးသည်။
လာမည့် ၅ နှစ်အတွင်းတွင် ပြည်တွင်းပြည်ပဆက်သွယ်ရေးကုမ္ပဏီများက HSPA နှင့် 4G LTE စနစ်များကို မိုဘိုင်းကွန်ယက်အတွင်းတွင် အသုံးပြုနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် မိုဘိုင်းအင်တာနက်လိုင်းများသုံးစွဲရပိုမိုအဆင်ပြေလာနိုင်ကြောင်း ပြည်တွင်းမှ နည်းပညာသမားများက မှတ်ချက်ပြုကြသည်။
ယခုအချိန်တွင် ပြည်သူများဘက်မှ အမျိုးမျိုးမျှော်လင့်နေကြသကဲ့သို့ အော်ပရေတာများကလည်း ဈေးကွက်အတွင်းအောင်မြင်မှုရရန် ပြင်ဆင်မှုများနှင့် မျှော်လင့်ချက်မျာ အသီးသီးရှိနေကြသည်။ အော်ပရေတာအားလုံးအတွက် အမှန်တကယ် ယှဉ်ပြိုင်မှုများမှာ စတင်နေပြီဖြစ်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ စင်ပေါ်ကပါပဲ။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်ပြိုင်နိုင်တယ်။” ဟု ပြည်ပအင်အားကြီးဆက်သွယ်ရေးကုမ္ပဏီများနှင့် ပူးပေါင်းတော့မည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ယုံကြည်မှုအပြည့်ဖြင့်ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးက ကွန်ယက်တိုးချဲ့ရန်ဆောင်ရွက်နေသကဲ့သို့ အခြားအော်ပရေတာများ အနေဖြင့်လည်း ကွန်ယက်တည်ဆောက်မှုများ၊ ဝန်ထမ်းခေါ်ယူမှုများ စတင်နေပြီဖြစ်ပြီး အမြန်ဆုံးဝန်ဆောင်မှုများပေးနိုင်အောင် ဆောင်ရွက်နေကြသည်။
လက်ရှိဆက်သွယ်ရေး လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် MPT နှင့် ယခုနှစ် နှစ်လည်ပိုင်းတွင် SIM Card ရောင်းချမှုများစတင်တော့မည့် အခြားအော်ပရေတာ ၃ ခုကြောင့် ဆက်သွယ်ရေးကဏ္ဍအတွင်း ပြိုင်ဆိုင်မှုများပိုမိုပြင်းထန်လာတော့မည်ဖြစ်သည်။
“တကယ်တမ်း စဉ်းစားကြည့်ရင် ပြိုင်ပွဲကမျှတတယ်လို့ပြောလို့ရပါတယ်။ MPT က လက်ရှိမှာ ဈေးကွက်ဦးထားတယ်ဆိုပေမယ့် လူဦးရေနဲ့ ယှဉ်ကြည့်ရင် သူတို့ရထားတာ ဘာမှမဟုတ်သေးတဲ့ ပမာဏပါ။ ဒါကိုသိလို့ ပြည်ပကုမ္ပဏီတွေက ဝင်လာတာပေါ့။” ဟု ဦးသိန်းဦးကဆိုသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် SIM Card ဈေးအကြီးဆုံး နိုင်ငံအဖြစ်မှ နိုင်ငံတကာအဆင့်မှီဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေါပေါသီသီသုံးစွဲနိုင်သည့် နိုင်ငံအဖြစ်သို့ လာမည့် လအနည်းငယ်အတွင်း ရောက်ရှိတော့မည်ဖြစ်သည်။
လက်ရှိအချိန်သည် ပြည်တွင်းပြည်ပ ဆက်သွယ်ရေးအော်ပရေတာ ၄ ဦးတို့အတွက်သန်း ၆၀ ဟူသော ရတနာသိုက်ကြီးအတွင်း အခိုင်အမာ ဈေးကွက်တစ်နေရာရရှိရေး ယှဉ်ပြိုင်ဆင်နွဲကြတော့မည့် ပြိုင်ပွဲတစ်ခု၏ တာထွက်ချိန်ဖြစ်ပေသည်။
“ဘယ်လိုပဲပြိုင်ပြိုင် ပြည်သူတွေ အကျိုးရှိဖို့ အဓိကပဲ။ ဆက်သွယ်ရေးနဲ့ နည်းပညာဆိုတာ ကဏ္ဍပေါင်းစုံအတွက် အမှန်တကယ်လိုအပ်တယ်လေ” ဟု ဦးသိန်းဦးက ဆိုလိုက်သည်။
ရဲဇွန်အောင်
သြဂုတ်၊ ၂၀၁၄
The Voice Daily