
‘တောသားမြို့ရောက် အတွေ့အကြုံသစ်များ’
ကျွန်တော် အမေရိကကို စပြီးထွက်ခွာလာတဲ့နေ့က ၂၀၁၉ ဧပြီလ ၁၀ ရက်နေ့ပါ။ မင်္ဂလာဒုံလေဆိပ်ကနေ မနက်စောစော လေယာဉ်နဲ့ ဟောင်ကောင်ကို သွားပြီး အဲ့ဒီကနေတဆင့် LA ကို ၁၄ နာရီလောက် လေယာဉ်ထပ်စီးလာခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ရှေ့ဆောင်းပါးတွေမှာပြောခဲ့သလိုပဲ ဆန်ဒီယေဂိုမှာ ၂ ရက် ၃ ရက် နားပြီး၊ ဒီဒေသ ပတ်ဝန်းကျင်တွေကို လည်ပတ်လေ့လာခဲ့တယ်ဆိုပါတော့။ ဘယ်မှမသွားဖြစ်တဲ့ရက်တွေဆိုရင် အန်တီလဲ့တို့နဲ့အတူ ဈေးဝယ်ထွက်တဲ့အခါလည်း ထွက်ပေါ့။
နေ့စဉ်နေ့တိုင်းနီးပါး ညနေစောင်းပြီဆိုရင် အေးမြပြီး နေရောင်ဖြာနေတဲ့ ကာလီဖိုးနီးယား ညနေခင်းလေးတွေကို ဝိုင်လေး တစ်ခွက်၊ မက္ကဆီကို အကြော်မုန့်တစ်မျိုးဖြစ်တဲ့ ဆယ်လ်ဆာ (Salsa Chips) လေး လက်တစ်ဆုပ်၊ အမေရိကန်အကြိုက် အချဉ်ရည့် ဒစ်ပ် (Dip or Dipping sauce) လေးနဲ့ တွဲဖက်မှီဝဲရင်း ဖြတ်သန်းရတာကလည်း အရသာတစ်မျိုးပါပဲ။
မက္ကဆီကိုနယ်စပ်မြို့လေးမို့ မက္ကဆီကန်အစားအသောက်တွေကတော့ ဒီမြို့မှာ လက်ညှိုးထိုးမလွဲရယ်ပါ။ ဒါပေမယ့် မက္ကဆီကန်တွေရဲ့ နာမည်ကျော် တာကို (Taco) ကိုတော့ ဆန်ဖရန်စ္စကိုကို ရောက်တဲ့အချိန်ကျတော့မှ စပြီး စားဖူးရပါတယ်။ တာကိုဆိုတာက မက္ကဆီကန်ရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီးတော့ ဂျုံ ဒါမှမဟုတ် ပြောင်းဖူးနဲ့ပြုလုပ်ထားတဲ့ မုန့်နှစ်ပြားထဲကို အသား၊ သစ်သီးသစ်ရွက်တွေနဲ့ ကြက်ဥတို့ကို ရောနှာချက်ပြုတ်ထည့်လိပ်ထားတဲ့ အစားအစာတစ်မျိုးပါ။ တာကိုဟာ မက္ကဆီကန်တွေရယ်လို့ ဖြစ်မလာခင်၊ အမေရိကတိုက်ကို စပိန်တွေရောက်မလာခင်ကတည်းက ဒေသခံအင်ဒီးယန်းလူမျိုးတွေရဲ့ အစားအစာတစ်ခုလို့ ဆိုပါတယ်။ ဒီမုန့်ကို စပိန်ကျူးကျော်သူတွေကိုယ်တိုင်က နှစ်သက်လက်ခံခဲ့ကြပြီး သမိုင်းမှတ်တမ်းတွေအရဆိုရင် စပိန်ကျူးကျော်သူ ဘာနယ် ကက်စ်တယ်လို (Bernal Díaz del Castillo) လက်ထက်မှာ ဥရောပသားတွေပါ ပါဝင်ဆင်နွဲတဲ့ တာကိုစားပွဲတွေကို စတင်ကျင်းပခဲ့တဲ့အထိပါပဲ။
ဆန်ဒီယေဂိုမှာ ရက်ပိုင်းလောက်နေပြီးတဲ့နောက်မှာ ကျွန်တော်တို့ လော့စ်အိန်ဂျယ်လိစ်ကို ခနသွားပါတယ်။ နေ့တစ်ဝက် ခရီးပါ။ LA မှာရှိတဲ့ အသိမိတ်ဆွေ တစ်ချို့က ထမင်းဖိတ်ကျွေးတာကြောင့် နေအိမ်က ကားနဲ့ပဲ နှင်ဖြစ်ခဲ့တဲ့ ခရီးဖြစ်ပါတယ်။
အမေရိကကို ရောက်ရောက်ခြင်း LAX ကနေ ဆန်ဒီယေဂိုကို ညကြီးမင်းကြီးလာခဲ့ရသူမို့ လမ်းဘေးဝဲယာက ရှုခင်းတွေကို ဒီခရီးမှာမှ မျက်ဝါးထင်ထင် စပြီးမြင်ဖူးရပါတော့တယ်။ ဆန်ဒီယေဂိုနဲ့ LA က မိုင် ၁၂၀ ဝန်းကျင်ပဲ ဝေးတာပါ။ တိုက်ရိုက်ဖောက်လုပ်ထားတဲ့ အမြန်လမ်းမရှိပြီးတော့ လမ်းဘေး ဝဲယာတစ်ဖက်တစ်ချက်စီမှာ ပန်းခင်းကြီးတွေနဲ့ မြက်ခင်းကြီးတွေ ဖုံးအုပ်နေတဲ့ တောင်ကုန်းလှလှလေးတွေ၊ ဇိမ်ခံအိမ်ယာလေးတွေကို တွေ့နိုင်ပါတယ်။
ဆန်ဒီယေဂိုကနေ ၅၈ မိုင်လောက် ခရီးနှင်ပြီးရင် ထူးခြားတဲ့နေရာတစ်ခုကို ရောက်ပါတယ်။ ဒါကတော့ ဆန်အိုနိုဖရေ နူကလီးယားဓာတ်အားပေးစက်ရုံ (San Onofre Nuclear Power Plant) ပါပဲ။ မီတာ ၂၀ လောက်မြင့်တဲ့ အမိုးခုံးအဆောက်အဦးအကြီးကြီး နှစ်ခုက ကျွန်တော့်အတွက်တော့ ထူးဆန်းပြီး ကြီးမားလွန်းလှပါရဲ့။
နေ့စဉ် ရေဒီယိုသတ္တိကြွပစ္စည်း ပေါင် ၆၀၀ လောက်စွန့်ပစ်နေတဲ့ ဒီဓာတ်အားပေးစက်ရုံကြီးဟာ ၁၀ မိုင်ပတ်လည်း ဧရိယာတွေကို ကြီးမားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေဖြစ်စေနိုင်တာကြောင့် ၁၉၇၇ ခုနှစ်ကတည်းက ဒေသခံသဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးသမားတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ တရားဝင်ပိတ်သိမ်းခဲ့ရပါတော့တယ်။ ဒါပေမယ့် တကယ်တမ်း ဘေးကင်းလှုံခြုံအောင် ဖြုတ်သိမ်းမှုတွေကိုတော့ လက်ရှိအချိန်အထိ တစ်ဆင့်ခြင်းပြုလုပ်နေရဆဲဖြစ်ပြီး စက်ရုံထဲမှာ ဖြုတ်သိမ်းရမယ့် နူကလီးယားလောင်စာတွေရှိနေဆဲပါ။
LA ရောက်တော့ မိတ်ဆွေလင်မယားက ပါရှန်းစာလိုက်ကျွေးပါတယ်။ ကျွန်တော်ကတော့ ထမင်းလည်းပါ၊ အီရန်ရိုးရာစာလည်းဖြစ်တဲ့ Chicken Kabob Plate ပဲစားဖြစ်ခဲ့တယ်။ သူတို့ တည်ခင်းတဲ့ အစားအသောက်ပမာဏက အတော်ကြီးများတော့ မနည်းစားယူရတယ်။ သူတို့ ရိုးရာကိုက ဒီလို ပမာဏများများတည်ခင်းတတ်တယ် ထင်ပါရဲ့။

အဲ့ဒီကနေအပြန်က ဆန်ဒီယေဂိုကို တန်းပြန်သေးပဲ ဟောလိဒ်ဝုဒ်လမ်းမ (Hollywood Boulevard) ကို ခနဝင်ကြတယ်။ လူတွေ စည်ကားနေတဲ့လမ်းမကြီးတစ်လျှောက်မှာ ဘရော့ဒ်ဝေးအဆောက်အအုံ (Broadway Hollywood Building)၊ ကပီတယ်တေးသံသွင်း (Capitol Records Tower)၊ တီစီအယ်လ် တရုတ်ဇာတ်ရုံ (TLC Chinese Theatre)၊ ဒိုလ်ဘီရုပ်ရှင်ရုံ (Dolby Theatre)၊ ဂရူးမန်းဒ် အီဂျစ်ရုပ်ရှင်ရုံ (Grauman’s Egyptian Theatre)၊ အယ်လ် ကပီတန် (El Capitan Theatre)၊ ရူးစ်ဗဲလ်စ် ဟိုတယ် (Hollywood Roosevelt Hotel)၊ ဟောလီးဝုဒ်ဖယောင်းပြတိုက် (Hollywood Wax Museum) နဲ့ Ripley’s Believe It Or Not! Odditorium တို့လို ကမ္ဘာကျော် အဆောက်အဦးတွေက အစီအရီရယ်။ ကျွန်တော်လည်း ကမ္ဘာလှည့်ခရီးသွားတွေနဲ့အတူ ဟိုကြည့် ဒီကြည့်ပေါ့၊ တောသားမြို့ရောက်ပါပဲ။
Hollywood Walk of Fame ကို ဖြတ်တော့ လမ်းမတစ်လျှောက် စီတန်းချထားတဲ့ ကြယ်ပွင့်ပုံ ကျောက်ပြားတွေထဲမှာ ကိုယ်ကြိုက်တဲ့ ဘရု့စ် ဝီလီတို့၊ မာ့ခ် ဟာမေးလ်တို့၊ ဟယ်ရစ်ဆင် ဖို့ဒ်တို့ရဲ့ ကျောက်ပြားတွေကို အပြေးအလွှာရှာပေါ့။ ဒိုလ်ဘီရုပ်ရှင်ရုံ (Dolby Theatre) ဘေးရောက်တော့ ကိုယ်အရမ်းကြိုက်တဲ့ လူစီဖာ ရုပ်သံစီးရီးထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ဒီမှာရိုက်ခဲ့တယ်ဆိုတဲ့အကြောင်း ခရီးသွားဖော်တွေကို ပြောပြရသေးတယ်။ အမှတ်တရ ဓာတ်ပုံလည်းရိုက်ပေါ့။ ဟောလီးဝုဒ်မှာ ခနနေပြီးတော့ Little Armenia ဘက်ကနေပတ်ပြီး မြို့ထဲကနေထွက်တယ်။ ပြီးတော့ ဆန်ဒီယေဂိုကို ပြန်တာပေါ့။
ဆန်ဒီယေဂို ပြန်ရောက်တော့ မူလစီစဉ်ထားတဲ့အတိုင်း ခရီးတွေစထွက်ဖို့ ပြင်ဆင်ရတယ်။ ပထမဆုံးခရီးတစ်ထောက်ကတော့ ဆန်ဖရန်စ္စကိုပေါ့။ ဧပြီလ ၁၈ ရက်နေ့မှာ ကျွန်တော် ဆန်ဖရန်စ္စကို ကို သွားပါတယ်။ ဒါဟာ ဆန်ဖရန်စစ္စကို-လော့စ်အိန်ဂျယ်လိစ်-ယိုဆမ်မတီ ခရီးစဉ်ကြီးရဲ့ အစပါပဲ။ ဒီခရီးဟာ ကျွန်တော့်ရဲ့ “ကာဘရီယိုမှ မက်ဟက်တန်သို့” ဆိုတဲ့ ခရီးရှည်ကြီးထဲက ပထမဆုံးသောခရီးစဉ် ဆိုပါတော့။