ငှက်ပျောသီး ဆိုတာ လူတိုင်းသိကြတဲ့ သစ်သီးဝလံတစ်မျိုးပါ။ စျေးနှုန်းချိုသာပြီး အရသာလည်းကောင်းမွန်သလို ကျန်းမာရေး အကျိုးကျေးဇူးလည်းများပါတယ်။ တောင်အာရှဒေသမျိုးရင်း အစာအစာတစ်ခုဖြစ်တဲ့ ငှက်ပျောသီးကို ဒီကနေ့ခေတ် ကမ္ဘာတစ်ဝှမ်းမှာ တွေ့မြင်ရနိုင်ပြီး အသွင်သဏ္ဍာန်အမျိုးမျိုးဖြစ်သလို အရသာလည်း စုံလင်လှပါတယ်။
ဒီလိုမျိုး ဘက်စုံအသုံးဝင်လှတဲ့ ငှက်ပျောသီးကို နေရာတိုင်းမှာ လက်လှမ်းမီမီ ဝယ်ယူစားသုံးလို့ရပေမယ့် သူ့ရဲ့ အကျိုးကျေးဇူးတွေကိုတော့ စေ့စေ့ပေါက်ပေါက် သတိထားမိကြတာမျိုးနည်းပါးတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် စာဖတ်ပရိတ်သတ်ကြီးအတွက် ငှက်ပျောသီးရဲ့ အသုံးဝင်ပုံနဲ့ မဖြစ်မနေသိထားသင့်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
ငှက်ပျောသီး ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၈ ခု
၁။ သွေးတိုးခြင်းကို ထိမ်းချုပ်ပေးနိုင်ခြင်း – ပိုတက်ဆီယံ (Potassium) နဲ့ မဂ္ဂနီဆီယံ (Magnesium) တွေက လူ့ခန္ဓာကိုယ်ကြီးရဲ့ လုပ်ဆောင်ချက်တွေ မှန်ကန်မှုရှိဖို့အတွက် အထူးအရေးပါတဲ့ ဓာတ် ၂ မျိုးပါ။ အဆိုပါဓာတ် ၂ မျိုးဟာ နှလုံးလုပ်ဆောင်ချက်တည်ငြိမ်ပြီး သွေးခုန်နှုန်းမှန်ကန်စေဖို့ အဓိက လုပ်ဆောင်ပေးပါတယ်။ ပုံမှန်အရွယ်အစားရှိတဲ့ ငှက်ပျောသီး တစ်လုံးဟာ လူတစ်ယောက်နေ့စဉ်လိုတဲ့ ပိုတက်ဆီယံ ပမာဏရဲ့ ၁၂% ကို ပံ့ပိုးပေးနိုင်သလို နေ့စဉ် မဂ္ဂနီဆီယံ လိုအပ်ပမာဏရဲ့ ၁၆% ကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။
၂။ ကိုယ်အလေးချိန် လျော့ကျစေခြင်း – သဘာဝအတိုင်း ကယ်လိုရီကျဆင်းစေတဲ့ အစားအစာတွေစာရင်းမှာ ငှက်ပျောသီးက ထိပ်ပိုင်းက ပါဝင်နေပါတယ်။ ကိုယ်တိုင်မှာ ကယ်လိုရီ ၁၀၀ ကျော်ပါဝင်နေပေမယ့် ငှက်ပျောသီးဟာ အမျှင်ဓာတ်လည်း ကြွယ်ဝတာမို့ ဗိုက်ဝစေတဲ့ ခံစားချက်ကို ခံစားရစေပြီး အာဟာရပြည့်ဝစွာနဲ့ အစာစားလိုစိတ်ကို လျော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးရှိနေပါတယ်။
၃။ ကိုယ်ဝန်ဆောင်မိခင်များအတွက် သင့်လျော်ခြင်း – ငှက်ပျောသီးဟာ ကိုယ်ဝန်ဆောင် ဓာတ်စာတစ်မျိုးလည်းဖြစ်ပါတယ်။ ငှက်ပျောသီးမှာ ဖောလစ်အက်ဆစ် ကြွယ်ဝတာမို့ သွေးအားကောင်းစေပြီး ကိုယ်ဝန်ဆောင်မိခင်တွေ ပုံမှန်မှီဝဲပေးမယ်ဆိုရင် သွေးအားနည်းရောဂါဖြစ်မှာကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။
၄။ ခွန်အားတိုးစေခြင်း – ငှက်ပျောသီးမှာ ဂလူးကို့စ် (Glucose) ၊ ဖရက်တို့စ် (Fructose) နဲ့ ဆူခရိုစ်ဆိုတဲ့ (Sucrose) ဆိုတဲ့ သကြားဓာတ် ၃ မျိုးပါဝင်ပါတယ်။ အဆိုပါသကြားဓာတ်တွေဟာ သွေးတွင်းထဲကို လျှင်မြန်စွာ ပျော်ဝင်နိုင်ကြပြီး ခွန်အားနဲ့ သက်လုံအားတိုးပွားစေနိုင်တဲ့အရာတွေပါ။
၅။ အရိုးကို သန်မာစေခြင်း – ကယ်လ်ဆီယံ၊ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ဗီတာမင် B နဲ့ ဗီတာမင် C တို့က အရိုးသန်မာအားကောင်းစေဖို့ အဓိက ထောက်ကူပေးနေတဲ့ သက်စောင့်ဓာတ်တွေဖြစ်ကြပြီး ငှက်ပျောသီးမှာ အဲဒီအရာတွေ အကုန်လုံးပါဝင်နေပါတယ်။
၆။ အစာခြေဖျက်ရ ကောင်းမွန်စေခြင်း – အမျှင်ဓာတ် (Dietary Fiber) ဟာ အစာခြေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ အကျိုးပြုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ငှက်ပျောသီးမှာဆိုရင်လည်း Pectin နဲ့ Resistance Starch ဆိုတဲ့ အမျှင်ဓာတ် ၂ မျိုးပါဝင်နေတာကြောင့် အစာခြေဖျက်ရာမှာ ကောင်းမွန်ပြည့်စုံစွာ လုပ်ဆောင်နိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် Pectin ဟာ အစာအိမ်အူလမ်းကြောင်း ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။
၇။ အသားအရေနဲ့ ဆံသားအလှအပကို တိုးစေခြင်း – ငှက်ပျောသီးကို အလှကုန်တွေမှာအသုံးချကြရတဲ့ အကြောင်းအရင်းကတော့ အမဲစက်တွေနဲ့ အမာရွတ်တွေကို ဖယ်ရှားကာ အသားအရေလှပစေတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးဟာ ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေတဲ့ အဟာရပြည့်အစားအစာတစ်မျိုးပါ။
၈။ အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း – ပိုတက်ဆီယံ၊ ဘရိုမီလိန်းနဲ့ ဗီတာမင် B အုပ်စုဝင်တွေပါရှိနေတဲ့ ငှက်ပျောသီးဟာ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပြီး သက်လုံအားကိုလည်း ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။
ဒီလောက်ဆိုရင် ငှက်ပျောသီးက ကျန်းမာရေးအတွက် ဘယ်လောက်တောင် အကျိုးကျေးဇူးများတယ်ဆိုတာကို သဘောပေါက်နားလည်သွားလိမ့်မယ်လို့ ယူဆမိပါတယ်။ ငှက်ပျောသီးရဲ့ စွမ်းဆောင်ရည်က ဒီလောက်တင်မဟုတ်ပါဘူး။ စိတ်ခံစားချက်ကောင်းမွန်စေပြီး ကိုယ်လက်လှုပ်ရှား ပြုလုပ်ရာမှာလည်း အဆင်ပြေအောင် ကူညီပေးနိုင်ပါသေးတယ်။ ဒီတော့ ငှက်ပျောသီးကို ပုံမှန်မီဝဲပြီး ကျန်းမာအောင် ပြုမူလိုက်တော့နော် …
Source: Healthline
ရေးသားသူ – ရဲဇွန်အောင်