ချဉ်ပေါင်ဆိုတာမြန်မာတွေအတွက် ခံတွင်းမြိန်စေတဲ့ ဟင်းတစ်ခွက်အဖြစ် ကြိုက်နှစ်သက်သူများပါတယ်။ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်ပါရင် ထမင်းမြိန်ကြသလို ဆီပြန်ဟင်းတွေ၊အကြော်အလှော်တွေနဲ့ အအီပြေချဉ်ပေါင်ဟင်းချိုလေး တွဲစပ်ချက်ပြုတ်ကြတာ အလှူပွဲတွေအထိပါပဲ။ ချဉ်ပေါင်ကို ချက်စားရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ချဉ်ပေါင်ဖူး ကို ယိုထိုးပြီး အချိုပွဲအဖြစ်စားသုံးကြတာ ချိုချဉ်စပ်အရသာလေးနဲ့။
ဟိုးအရင်တည်းက မြန်မာ့ထမင်းဝိုင်းမှာပြေးမလွတ်တဲ့အထဲ ချဉ်ပေါင်၊ လက်ဖက်၊ ငါးပိရည်နဲ့ ကန်စွန်းရွက်တို့က အခုထိ ပါဝင်နေဆဲပါ။ ဒီလိုနည်းမျိုးစုံနဲ့ စီမံချက်ပြုတ်စားသုံးကြတာဟာ ချဉ်ပေါင်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ဟင်းဆိုရင် အမြဲစားမိလို့ ပန်းကမ္ဘာရောက်သွားနိုင်သေးတယ်၊ ယိုထိုးစားရင်လည်း အချိုတွေများများစားမိနေဦးမယ် ဆိုတော့ ချဉ်ပေါင်ရဲ့အာနိသင်တွေ အပြည့်အဝရနိုင်မယ့် နည်းလမ်းက —
ချဉ်ပေါင်ဖူးခြောက် လက်ဖက်ရည် (Hibiscus Tea) ပြုလုပ်မှီဝဲတာပါ။ ချဉ်ပေါင်ဖူးခြောက်ကို ရေနွေးပူပူမှာ ခတ်လိုက်တဲ့အခါ ရေနွေးကြမ်းနီနီလေးက ဘယ်ရီသီးဖျော်ရည်လိုလို ဘာလိုလို ပါပဲ။ ချဉ်ပြုံးပြုံးလေးနဲ့မို့ အအေးလိုသောက်ချင်ရင်လည်း ရပါတယ်။ ကယ်လိုရီနည်းပြီး ကဖင်းမပါတာမို့ လက်ဖက်ရည်ကြမ်းလို သောက်ရင်တော့ ပိုကောင်းတယ်ဆိုပါတော့။
ချဉ်ပေါင်ဖူး ရေနွေးကြမ်းက ကျန်းမာရေးအတွက် ဘာအကျိုးကျေးဇူးတွေရနိုင်လဲ
ချဉ်ပေါင်ဖူး ရေနွေးကြမ်းက လူ့ခန္ဓါကိုယ်ကျန်းမာရေးအတွက် နည်းမျိုးစုံကနေ အကျိုးပြုပါတယ် –
သွေးပေါင်ချိန် မှန်စေတယ်
ဒီရေနွေးကြမ်းကိုပုံမှန်သောက်ပေးရင် သွေးဖိအားကို ကျစေပြီး သွေးတိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်၊ နှစ်ပတ်လောက်အတွင်း ရေနွေးပန်းကန်လုံးနဲ့ တစ်နေ့သုံးခွက် ပုံမှန်သောက်မယ်ဆိုရင် ဆီးရွှင်စေပြီး သွေးတိုးကိုကျစေပါတယ်။
သွေးတွင်းကိုလက်စထရောကိုကျစေတယ်
ချဉ်ပေါင်ဖူးက ခန္ဓါကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရောဂါ မဖြစ်အောင်ကာကွယ်နိုင်တယ်၊ သွေးကြောတွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။ သွေးတွင်းအဆီဓါတ်ကျစေ၊ သွေးတွင်းသကြားဓါတ်ကျစေတဲ့ အစွမ်းအာနိသင်ကြောင့် ဆီးချိုရောဂါရှိသူတွေအတွက် အလွန်အကျိုးရှိစေနိင်ပါတယ်။
အသည်းကိုကာကွယ်ပေးတယ်
ဓါတ်တိုးဆန့်ကျင် အာနိသင်ကြောင့် အသည်းရောဂါတွေကုသရာမှာ အထောက်အကူပေးပါတယ်။ ခန္ဓါကိုယ်ထဲက ဆဲလ်တွေနဲ့ တစ်ရှူးတွေမှာ Free Radicals တွေကို ဓါတ်ပြယ်စေနိုင်တာဖြစ်လို့ ကျန်းမာအသက်ရှည်စေနိုင်ပါလိမ့်မယ်။
ကင်ဆာကာကွယ်နိုင်တယ်
ချဉ်ပေါင်ဖူးက အကျိတ်ကို ကြေစေပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်တွေရှိတာကြောင့် ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေ ပွားများမှုကိုလည်း နှေးကွေးစေတယ်လို့ သိရပါတယ်။
အရောင်ကျစေတယ်၊ ရောဂါပိုးသေစေတယ်
ဗီတာမင် C ကြွယ်ဝတဲ့ ချဉ်ပေါင်ဖူးက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ရောဂါပိုးတွေကို ခုခံတိုက်ဖျက်နိုင်စွမ်းကြောင့် အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖျားနေတဲ့အခါတွေမှာလည်း ဝေဒနာသက်သာစေဖို့ သောက်သုံးပေးနိုင်ပါသေးတယ်။
ရာသီလာချိန် ကိုက်ခဲမှုကို သက်သာစေတယ်
အမျိုးသမီးတွေ ရာသီလာတဲ့အချိန် ကိုက်ခဲမှုဝေဒနာတွေကိုလည်း သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဟော်မုန်းပြန်လည် ထိန်းညှိနိုင်စေပြီး ရာသီလာချိန်မှာဖြစ်တတ်တဲ့ စိတ်အပြောင်းအလဲများ၊ စိတ်ကျခြင်းနဲ့ လွန်ကဲစွာအစားစားခြင်းစတဲ့ လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။
စိတ်ကျခြင်းကို သက်သာစေတယ်
ဗီတာမင်တွေနဲ့ Flavonoids လို သတ္တုဓါတ်တွေပါဝင်နေလို့ စိတ်ဓါတ်ကျခြင်းကို သက်သာစေနိုင်ပါတယ်။ ချဉ်ပေါင်ဖူးခြောက် ရေနွေးကြမ်းကို သောက်သုံးခြင်းအားဖြင့် အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး စိတ်နဲ့ခန္ဓါပြေလျော့စေတာကြောင့် စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျဝေဒနာကို သက်သာစေပါတယ်။
အစာကြေစေတယ်
ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းက ဆီးရွှင်၊ ဝမ်းမှန်စေတာကြောင့် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်တဲ့ပြဿနာကို ဖြေရှင်းနိုင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ကို ကျန်းမာစေလို့ အူကင်ဆာကို ကာကွယ်နိုင်ပါတယ်။
ရေငတ်ပြေစေတယ်
ချဉ်ပေါင်ဖူးရေနွေးကြမ်းကို အအေးအဖြစ် အားကစားလုပ်ရင်း သောက်ကြပါတယ်။ သူ့ရဲ့ သဘောသဘာဝက ခန္ဓါကိုယ်ကို အမြန်ဆုံးအေးမြစေတဲ့အာနိသင်ရှိလို့ ရေအများကြီးသောက်လို့ မဖြစ်တဲ့အခြေအနေမျိုးမှာ သူ့ကိုနည်းနည်းသောက်ရုံနဲ့ ရေငတ်ပြေစေနိုင်ပါတယ်။
ဝိတ်ကျစေတယ်
ချဉ်ပေါင်ဖူးက ခန္ဓါကိုယ်ရဲ့ ကစီဓါတ်နဲ့ ဂလူးကို့စ် စုပ်ယူနိုင်စွမ်းကိုလျော့နည်းစေတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ကစီဓါတ် စုပ်ယူမှုကို ကူညီပေးတဲ့ Amylase ထုတ်လုပ်မှုကို ဟန့်တားပေးလို့ အဆီကျ ကျစ်လျစ်စေမှာပါ။
သတိပြုစရာက
ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းဟာ သွေးတိုးကျစေတဲ့အစွမ်းရှိတာကြောင့် သွေးပေါင်ကျတတ်သူတွေ ချင့်ချိန် သောက်သုံးသင့်ပါတယ်။
ရေးသားသူ – မွန်မွန်
Pingback: ကြက်သွန်နီ လေး အစိမ်းစားပေး - LOTOSHINN